ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပြိုင်ဘက် ဒေါ့မွန်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ကစားရင်း ချန်ပီယံလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် အန်ဆလော့တီက သူတို့အသင်း အတွက် အနိုင်ဂိုး ၁ဂိုး သွင်းယူပေးခဲ့တဲ့ ဗင်နီးစီးယပ်စ်ဟာ ဒီနှစ်ရဲ့ ရွှေဘောလုံးဆုကို ရသင့်တယ်လို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အန်ဆလော့တီ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီ တခုလုံးမှာ အတည်ငြိမ်ဆုံး ခြေစွမ်းတွေကို ထုတ်ဖော် ပြသနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်က စပိန်ပြည်တွင်းမှာ စပိန်စူပါဖလားနဲ့ လာလီဂါဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်ကြတဲ့ ယမန်နှစ်ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ အစဉ်အလာပြိုင်ဘက် ဘိုင်ယန်မြူးနစ်တို့ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

Photo Credit: Squawka

ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ရီးရဲလ်မက်ဒရစ်က ပြိုင်ဘက် ဒေါ့မွန်ရဲ့ ကစားအားကြောင့် အနည်းငယ် အခက်တွေ့ခဲ့ပေမယ့် တပွဲလုံး တည်တည်ငြိမ်ငြိမ် ကစားကာ လိုအပ်တဲ့ အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ သွင်းယူရင်း သူတို့ရဲ့ (၁၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ၂-၀ ဒေါ့မွန် ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အတွက် အနိုင်ဂိုးတွေကို ဝါရင့် ညာနောက်ခံလူ ကာဗာဂျယ်နဲ့ တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်တို့က သွင်းယူပေးခဲ့ကြပြီး ကာဗာဂျယ်ဟာ အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းပေးခဲ့သလို တပွဲလုံးမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့တာကြောင့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sports Brief

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဗင်နီးစီးယပ်စ်က ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်ထားနိုင်သူ ဖြစ်ပြီး သူက ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၀ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၆ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ကြိမ် ရရှိခဲ့သလို ပြိုင်ပွဲစုံ ၃၉ပွဲမှာ ၂၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိထားပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဗင်နီးစီးယပ်စ်က ယခုနှစ် ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ အတွက် အသင်းဖော် ဘယ်လင်ဟမ် ၊ မကြာခင်မှာ အသင်းဖော် ဖြစ်လာတော့မယ့် အမ်ဘာပေတို့နဲ့ အပြိုင် ရေပန်းစားနေပြီး ရီးရဲလ်မက်ဒရစ်နည်းပြချုပ် အန်ဆလော့တီကတော့ ဗင်နီးစီးယပ်စ်ဟာ ဒီနှစ်ရဲ့ ရွှေဘောလုံးဆုကို ရသင့်တယ်လို့ ဆိုလာပါတယ်။ အန်ဆလော့တီက – “ဗင်နီးစီးယပ်စ်က ရွှေဘောလုံးဆုနဲ့ ထိုက်တန်ပါတယ်။ အဲ့ဒါကို သံသယဝင်စရာ မလိုပါဘူး” လို့ ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။