လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် ဘယ်နောက်ခံလူ ရော်ဘတ်တို ကားလို့စ်ကတော့ မကြာမီကမှ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ကာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်နေတဲ့ မာဆယ်လိုဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ဘယ်နောက်ခံလူပါပဲလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ဘရာဇီးလ် ဝါရင့် ဘယ်နောက်ခံလူ မာဆယ်လိုက ပြီးခဲ့တဲ့ ဆယ်စုနှစ် တစု အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူ အဖြစ် သတ်မှတ်ခံခဲ့ရသူ တဦး ဖြစ်ကာ ရီးရဲလ်မက်ဒရစ် အတွက် ၁၅နှစ်ကြာအောင် ကစားပေးခဲ့ရာ စုစုပေါင်း ဆုဖလား ၂၅လုံး အထိ ရယူနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းမှာ ဆုဖလား အများဆုံး ရယူနိုင်ခဲ့တဲ့ ကစားသမား အဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါ့အပြင် မာဆယ်လိုက ဘရာဇီးလ်နဲ့အတူ ကွန်ဖက်ဒရေးရှင်း ဆုဖလား တလုံးကို ရယူထားနိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမား ဘဝမှာ စုစုပေါင်း ပြိုင်ပွဲစုံ ၆၁၅ပွဲ အထိ ပါဝင် ကစားထားရာ ၄၇ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၀၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးပရိသတ် အများစုက မာဆယ်လိုဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ ၅ဦး စာရင်းထဲ ပါဝင်တယ်လို့ ယုံကြည်နေကြပြီး ဘရာဇီးလ် ဂန္တဝင် ဘယ်နောက်ခံလူကြီး ရော်ဘတ်တို ကားလို့စ်ကတော့ သူ့ရဲ့ ဂျူနီယာလေး မာဆယ်လိုဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ရော်ဘတ်တို ကားလို့စ်က – “ကျွန်တော့်ရဲ့ အမြင်မှာတော့ မာဆယ်လိုက ဘောလုံးသမိုင်းမှာ အကောင်းဆုံး ဘယ်နောက်ခံလူပါပဲ။ ဒါကိုလည်း သူ သိပါတယ်။ ကျွန်တော်က သူနဲ့တွေ့တိုင်း အဲ့ဒီအကြောင်းကို ပြောနေကြပါ။ ရီးရဲလ်မက်ဒရစ်ကနေ သူ ထွက်ခွာခဲ့ရတာကို မြင်ရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် မာဆယ်လိုရဲ့ အချိန်တွေ မကုန်ဆုံးသေးပါဘူး။ သူက တခြားအသင်း တသင်းမှာ သူ့ရဲ့ အရည်အချင်းတွေကို ကောင်းကောင်းကြီး သက်သေပြနိုင်ပါသေးတယ်။ ကျွန်တော်ကတော့ သူဟာ နောက်ထပ် ၄နှစ် ၊ ၅နှစ်လောက် ထပ်ကစားနိုင်ဦးမယ်လို့ ထင်ပါတယ်” ဆိုပြီး ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မာဆယ်လိုက သူ့ရဲ့ အသင်းသစ်ကို စတင် ရှာဖွေနေပြီး ဥရောပ အသင်းကြီး တချို့က မာဆယ်လိုကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေကြပါတယ်။