အဲဗာတန်အသင်းနဲ့ လမ်းခွဲပြီး အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းကို ပြန်လည်ကိုင်တွယ်ဖြစ်ခဲ့တဲ့ နာမည်ကျော် ဝါရင့်နည်းပြကြီး ကားလို့အန်စလော့တီက မန်ချက်စတာယူနိုက်တက်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ညာနောက်ခံကစားသမားလေး ဒါလော့ရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိနေပြီး အသင်းဆီ ခေါ်ယူသွားဖို့အတွက်လည်း စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : United in Focus

အသက်(၂၂)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် နောက်ခံအစွန်လူ ဒါလော့ဟာ ပေါ်တိုလူငယ်အသင်းကနေ ပေါ်ထွက်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၈ခုနှစ်ကမှာပဲ ပေါ်တိုကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းက ဝမ်ဘစ်ဆာခါကို အသင်းဆီ ခေါ်ယူခဲ့ပြီးနောက်မှာ ဒါလော့ရဲ့ ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလာခဲ့ရပြီး မနှစ်က ဘောလုံးရာသီမှာလည်း စီးရီးအေကလပ် အေစီမီလန်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရပါတယ်။ အခုတော့ ဒါလော့ဟာ မီလန်နဲ့ အငှားစာချုပ်ပြည့်သွားလို့ ယူနိုက်တက်ဆီ ပြန်လည်ရောက်ရှိနေပေမယ့်လည်း ယူနိုက်တက်ဘက်က ဒါလော့ကို ပြန်သုံးဖို့ထက် ရောင်းချသွားဖို့ကိုပဲ ဆန္ဒရှိလို့နေပါတယ်။

Photo Credit : Sky Sports

ဒီလို အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ဒါလော့ကို အေစီမီလန်အသင်းနဲ့အပြိုင် ရီးယဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရီးယဲလ်နည်းပြကြီး အန်စလော့တီကိုယ်တိုင်ကပါ ဒါလော့ကို သဘောကျနေသူ ဖြစ်ပါတယ်။ အီတလီလူမျိုး ဝါရင့်နည်းပြကြီး အန်စလော့တီက အဲဗာတန်အသင်းကို ကိုင်တွယ်ခဲ့စဉ်ကတည်းက ဒါလော့ကို အသင်းဆီ ခေါ်ယူချင်ခဲ့တာဖြစ်ပြီး အခု ရီးယဲလ်ကို ကိုင်တွယ်နေစဉ်မှာလည်း ဒါလော့ကို ရီးယဲလ်အသင်းဆီ ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ရာဖယ်ဗာရန်းကို မန်ချက်စတာယူနိုက်တက်အသင်းဘက်က အသည်းအသန် အလိုရှိနေတာဖြစ်လို့ အန်စလော့တီအနေနဲ့ ယူနိုက်တက်ဆီ ဗာရန်းကို ရောင်းချရမှာ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ဒါလော့ကို တောင်းဆိုသွားဖွယ်လည်း ရှိနေပါတယ်။ ရီးယဲလ်အသင်းရဲ့ ညာခြမ်းခံစစ်မှာ ကာဗာဟယ်နဲ့ အော်ဒရီယိုဇိုလာတို့ ရှိနေပေမယ့်လည်း အန်စလော့တီကတော့ ဒါလော့ကို ခေါ်ယူချင်နေပြီး ဒဏ်ရာတွေ မကြာခဏ ရရှိနေတတ်တဲ့ ကာဗာဟယ်ရဲ့ အရန်အဖြစ် အသုံးပြုသွားဖွယ် ရှိနေပါတယ်။