ဘရာဇီးလ် လက်ရွေးစင် ဘောလုံးအသင်းကို ၂၀၂၂ကာတာကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အဆင့်ထိသာ ပို့ဆောင်နိုင်ခဲ့တဲ့ နည်းပြကြီး တီထီက ကွာတားမှာ ခရိုအေးရှားအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာချိန်မှာပဲ သူရဲ့နည်းပြရာထူးကနေ နုတ်ထွက်လိုက်တာကြောင့် လစ်လပ်သွားတဲ့ ဘရာဇီးလ်နည်းပြ ရာထူးအတွက် နည်းပြအများအပြားနဲ့ သတင်းထွက်လာခဲ့ရာ အဲ့ဒီထဲမှာ ဝါရင့်နည်းပြကြီး ကားလို့အန်စလော့တီပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : The Sun

၂၀၁၆ခုနှစ်ကနေ ၂၀၂၂ခုနှစ်အထိ ဘရာဇီးလ်အသင်းနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်ခဲ့တဲ့ နည်းပြတီထီဟာ ၂၀၂၂ကမ္ဘာ့ဖလားမှာ အသင်းကို အနှစ်(၂၀)အထိ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကြီး ရယူပေးနိုင်ဖို့ ရေပန်းစားခဲ့ပေမယ့်လည်း မမျှော်လင့်ပဲ ကွာတားအဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီးနောက်မှာတော့ တီထီလည်း နည်းပြရာထူးကနေ စွန့်ခွာသွားခဲ့ပါတယ်။ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကတော့ တီထီနေရာမှာ မန်ချက်စတာစီးတီးနည်းပြ ဂွာဒီယိုလာ ရီးယဲလ်မက်ဒရစ်နည်းပြ အန်စလော့တီတို့လို တကယ့် ထိပ်တန်းနည်းပြကြီးတွေနဲ့ အစားထိုးသွားချင်နေပြီး နည်းပြနှစ်ဦးလုံးကိုလည်း ဆက်သွယ်ထားတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Marca

ဒီလို သတင်းထွက်လာခြင်းနဲ့ ပတ်သတ်ပြီး အီတလီလူမျိုး ဝါရင့်နည်းပြကြီး အန်စလော့တီက “ကျွန်တော် ကျွန်တော်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဘာမှ မသိသေးပါဘူး။ ဒါပေမယ့် ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းမှာ ပျော်ရွှင်နေပါတယ်။ ကျွန်တော် ဒီမှာလည်း ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ နောက်ပြီးတော့ ဒီအသင်းကသာ ကျွန်တော့်ကို နည်းပြရာထူးကနေ မထုတ်ပယ်ခဲ့ဘူးဆိုရင် ကျွန်တော်လည်း ဒီအသင်းက ထွက်ခွာမှာ မဟုတ်ဘဘူး။ အနာဂတ်နဲ့ ပတ်သတ်ပြီးတော့လည်း စဉ်းစားသွားဖို့ အချိန်ရှိပါတယ်” လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အသက်(၆၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နည်းပြအန်စလော့တီဟာ ၁၉၉၂ခုနှစ်ကမှ အီတလီလက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ်နဲ့ နည်းပြနယ်ပယ်ထဲကို စတင် ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဂျုဗင်တပ်စ် အေစီမီလန် ချယ်လ်ဆီး ပီအက်စ်ဂျီ ရီးယဲလ် ဘိုင်ယန် နာပိုလီ အဲဗာတန် အသင်းတွေမှာ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် လာလီဂါ စီးရီးအေ ဘွန်ဒစ်လီဂါနဲ့ လီဂူးတို့ အားလုံးရဲ့ အမှတ်ပေးဖလားတွေကို သိမ်းပိုက်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့ပါတယ်။