MySport Myanmar

လီဗာပူးလ်နဲ့ ပွဲစဉ်မှာ ဘန်ဇီမာ ပါဝင်လာနိုင်လိမ့်မယ်လို့ အန်စလော့တီ ပြောဆို

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြကြီး ကားလို့အန်စလော့တီက ဒီနေ့ည အန်ဖီးလ်မှာ ကစားသွားရမဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာက ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာနိုင်လိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

Ballon d’Or ဆုရှင်ကြီး ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘန်ဇီမာဟာ ဒီနှစ် ဘောလုံးရာသီအတွင်းမှာ ဒဏ်ရာ ပြသာနာများစွာနဲ့ လုံးပန်းနေရပြီး ရီးယဲလ်အသင်းရဲ့ ပြိုင်ပွဲစုံ ပွဲပေါင်း(၁၃)ပွဲအထိကို လွဲချော်ထားခဲ့ရပါတယ်။ ဒါပေမဲ့ ဘန်ဇီမာဟာ ဒီလို ဒဏ်ရာတွေနဲ့ ရုန်းကန်နေရချိန်မှာတောင် ရီးယဲလ်အတွက် (၁၆)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပြီး (၄)ဂိုး ဖန်တီးထားနိုင်တာကြောင့် အခုပွဲစဉ်မှာ ဘန်ဇီမာ ပြန်လည် ပါဝင်လာနိုင်တာက ရီးယဲလ်အသင်းအတွက် အားတတ်စရာ ဖြစ်လာနိုင်ပါတယ်။

Photo Credit : AS English

အသက်(၃၅)နှစ်အရွယ်ရှိ တိုက်စစ်မှူးကြီး ရီးယဲလ်အသင်းက အိုဆာဆူနာကို (၀-၂)နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေမဲ့ အယ်လ်ချီနဲ့ပွဲမှာ ပါဝင်ရင်း ပင်နယ်တီကနေ (၂)ဂိုး သွင်းယူနိုင်ခဲ့သလို အယ်လ်ဟီလာနဲ့ ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ်မှာလည်း ပါဝင်လာရင်း တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အခုလည်း ဘန်ဇီမာအနေနဲ့ လီဗာပူးလ်နဲ့ ပွဲစဉ်အတွက် ကြံခိုင်မှု ပြည့်ဝနေပြီဖြစ်ကြောင်း အန်စလော့တီက “သူ အဆင်ပြေနေပါပြီ။ ဒီနေ့ပွဲစဉ်ကိုလည်း ပွဲထွက် ကစားသမားအဖြစ်နဲ့ ပါဝင် ကစားသွားနိုင်မှာပါ။ အဲ့ဒီအတွက်လည်း သူ စိတ်လှုပ်ရှားနေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

ဘန်ဇီမာဟာ သူရဲ့ ကစားသမားဘဝအတွင်း လီဗာပူးလ်အသင်းနဲ့ (၆)ကြိမ်အထိ တွေ့ဆုံခဲ့ရာမှာ လီဗာပူးလ်အသင်းဘက်ကို သွင်းဂိုး (၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မှာလည်း ဘန်ဇီမာက လီဗာပူးလ်ဘက်ကို ဗွေဆော်ဦးဂိုး စတင် သွင်းယူနိုင်ခဲ့ပါတယ်။

Exit mobile version