MySport Myanmar

ကိန်းကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုသွားမယ့် အန်ဆလော့တီ

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြကြီး ကာလိုအန်ဆလော့တီက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် စပါး တိုက်စစ်ကစားသမား ဟာရီကိန်းကို အရ ခေါ်ယူပေးသွားဖို့အတွက် ရီးယဲလ်အသင်း တာဝန်ရှိသူတွေကို တောင်းဆိုသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ရီးယဲလ်အသင်းဟာ သူတို့အသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာကို အခု နွေဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်တာကြောင့် ဘန်ဇီမာလို ရီးယဲလ်အတွက် ဂိုးသွင်းစက်ကြီးနေရာမှာ ပြန်လည် အစားထိုးဖို့အတွက် လိုအပ်လာခဲ့ပါတယ်။ ဒီအတွက်လည်း ရီးယဲလ်က ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်ကစားသမားတွေဖြစ်သော ဟာရီကိန်း နဲ့ ကိုင်ဟာဗက်ဇ်တို့ကို စိတ်ဝင်စားလာခဲ့ပြီး စပိန်ကနေ ဖော်ပြလာတဲ့ သတင်းတွေမှာဆိုရင် ဒီကစားသမားနှစ်ဦးလုံးရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။

Photo Credit : Sporf Brief

ဒီကစားသမားနှစ်ယောက်မှာ နည်းပြကြီး အန်ဆလော့တီက အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းကို ပိုမို သဘောကျနေပြီး အသင်းနဲ့ လမ်းခွဲတော့မယ့် ဘန်ဇီမာနေရာမှာ ကိန်းနဲ့ တိုက်ရိုက် အစားထိုးနိုင်တာဖြစ်လို့ ကိန်းကို အရ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ စပါးအသင်းကလည်း သူတို့ရဲ့ အဓိက ကစားသမားကြီး ကိန်းကို အသင်းကနေ လုံးဝ မထွက်ခွာစေချင်ပေမယ့် မဖြစ်မနေသာ ရောင်းချရမယ်ဆိုရင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဆီ ရောင်းချလိုက်ရတာထက်စာရင် ရီးယဲလ်လို ပရီးမီးယားလိဂ် ပြင်ပ ကလပ်တွေဆီကိုသာ ရောင်းချချင်တာကြောင့် ရီးယဲလ်သာ အသေအချာ ကမ်းလှမ်းလာမယ်ဆိုရင် စပါးဘက်က စဉ်းစားလာနိုင်ပါတယ်။

စပါးက ဟာရီကိန်း ဒီနွေမှာ လုံးဝ ရောင်းချခြင်းမပြုပဲ ဆက်ထိန်းထားမယ်ဆိုရင် လာမယ့်နွေမှာ အလွတ်နဲ့ လက်လွတ်ရနိုင်တာကို ဒီအချက်ကို စပါး ဥက္ကဌ လီဗီးဘက်က အသေအချာ စဉ်းစားလာနိုင်ပြီး တကယ်လို့ ရီးယဲလ်ဘက်ကသာ စပါးတို့ မငြင်းဆန်နိုင်လိုက်တဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် လက်ခံလာနိုင်သလို ကိန်းကိုယ်တိုင်ကလည်း ရီးယဲလ်လို အသင်းကြီးမှာ သူရဲ့ ကစားသမားဘဝကို မြှင့်တင်နိုင်ခွင့်ရမယ့် အခွင့်အရေးအား အမိအရ ဆုပ်ကိုင်သွားနိုင်ပါတယ်။

Exit mobile version