အာဂျင်တီးနား တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ကာဒက်တီဟာ သူတို့နိုင်ငံရဲ့ နာမည်ကြီး ပါရမီရှင်ဖြစ်တဲ့ လီယွန်နယ်မက်ဆီထက် ဘရာဇီးလ်နိုင်ငံရဲ့ ဂန္တဝင်ကစားသမားကြီး ဖြစ်တဲ့ ရော်နယ်ဒင်ဟိုဟာ ပိုမို ကောင်းမွန်တဲ့သူ ဖြစ်ကြောင့် ဒီပို့တီဗိုသတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနား ပြည်တွင်းလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေဖြစ်တဲ့ ရေးဗားပလိတ် ၊ ရေဆင်း အက်ဖ်စီ စတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးသလို ဗယ်လာဒိုးလစ် ၊ ပီအက်စ်ဂျီအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ကာဒက်တီဟာ လက်ရှိအချိန်မှာ နည်းပြတစ်ဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသူ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းမှာ သူနဲ့အတူ တွဲကစားဖူးတဲ့ ရော်နယ်ဒင်ဟိုဟာ ဘုရားကပေးတဲ့ ဘောလုံးသမားတစ်ဦး ဖြစ်တယ်လို့လည်း ပြောပြသွားပါတယ်။

Photo Credit: Marca.com

ကာဒက်တီနဲ့ ရော်နယ်ဒင်ဟိုတို့ဟာ ပီအက်စ်ဂျီ အသင်းမှာ တစ်နှစ်အတူတွဲကစားခဲ့ဖူးသူတွေ ဖြစ်ကြပြီး ရော်နယ်ဒင်ဟိုတစ်ယောက် ဘာစီလိုနာအသင်းဆီကို မပြောင်းရွှေ့မီ ၂၀၀၂ခုနှစ်မှာ အတူတွဲကစားခဲ့ဖူးတာပါ။ ဒါ့ကြောင့်လည်း ကာဒက်တီဟာ ရော်နယ်ဒင်ဟိုရဲ့ အရည်အချင်းတွေကို အနီးကပ် မြင်တွေ့ခဲ့ရသူ တစ်ဦးဖြစ်ပြီး သူ့ရဲ့အသင်းမှာသာ ကစားသမားတစ်ဦးကို ခေါ်ယူခွင့်ရမယ်ဆိုပါက မက်ဆီထက် ရော်နယ် ဒင်ဟိုကိုသာ ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ရော်နယ်ဒင်ဟို ရဲ့ အသင်းဖော်တစ်ဦး ဖြစ်ခဲ့ရတဲ့အချက်ကို ဂုဏ်ယူမိတယ်လို့လည်း ဖွင့်ဟခဲ့ပါသေးတယ်။

Photo Credit: Marca.com

ကာဒက်တီက ” နည်းပြတစ်ဦးအမြင်အရ အသင်းအတွက် ကစားသမားတစ်ဦးကို ခေါ်ယူခွင့်ရမယ်ဆိုရင် ကျွန်တော်ဟာ မက်ဆီထက် ရော်နယ်ဒင်ဟိုကိုပဲ ခေါ်ယူသွားမှာပါ။ ဒင်ဟိုနဲ့အတူ တစ်နှစ်တိတိ တွဲကစားခဲ့ဖူးတာကြောင့် သူဟာ တခြားကစားသမားတွေနဲ့ မတူညီတဲ့ ကစားသမားဆိုတာ သိခဲ့ရပါတယ်။ သူဟာ ဘုရားကပေးထားတဲ့ လက်ဆောင်တစ်ခုလိုပါပဲ။ သူဟာ အမြဲတမ်ဒ ပျော်ပျော်ပဲ နေတတ်ပါတယ်။ ပြီးတော့ ဘောလုံးတစ်လုံးနဲ့အတူရှိရင် လေ့ကျင့်ခန်းတွေကိုလည်း အချိန်အကြာကြီး လုပ်လေ့ရှိပါတယ်။ ဒါ့ကြောင့်လည်း သူက အံ့အားသင့်စရာကောင်းတဲ့ အရာတွေကို ပွဲတွေထဲမှာ ပြန်ပြီးတော့ လုပ်ပြနိုင်တာပေါ့။ သူ့ရဲ့ လေ့ကျင့်ရေးကွင်းမှာ ကစားတဲ့ပုံစံတွေ ၊ ပွဲထဲမှာ ကစားတဲ့ပုံစံတွေက တခြားလူတွေနဲ့ မတူဘူးဆိုတာကို ခင်ဗျားတို့လည်း မြင်ကြရမှာပါ။ သူ့လို ကစားသမားမျိုးဟာ အရမ်းကို ရှားပါးပြီး ဘောလုံးလောကမှာ အမြဲတမ်း အမှတ်ရနေမယ့် ကစားသမားတွေပါပဲ။ သူနဲ့အတူ တွဲကစားခဲ့ရတာကို ဂုဏ်ယူမိနေတုန်းပဲဗျာ ” လို့ ပြောပြသွားခဲ့ပါတယ်။