အင်္ဂလန် ဘောလုံး ပြိုင်ပွဲတွေထဲက ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ ကာရာဘောင် ဖလား ပြိုင်ပွဲကတော့ ဗိုလ်လုပွဲစဉ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ယနေ့ည (၁၁း၀၀) အချိန်မှာ အက်စတွန်ဗီလာအသင်း နဲ့ မန်စီးတီးအသင်းတို့က ဝင်ဘာလေကွင်းမှာ ဗိုလ်လုပွဲစဉ်ကို ကစားသွားကြမှာပဲ ဖြစ်ပါတယ်။ အင်္ဂလန် ဘောလုံး ပြိုင်ပွဲမှာ ကာရာဘောင် ဖလား ပြိုင်ပွဲဟာ ပရီးမီးယားလိဂ် ဖလား ပြိုင်ပွဲ နဲ့ အက်ဖ်အေ ဖလား ပြိုင်ပွဲတို့ထက် အဆင့် ပို နိမ့်ပေမဲ့လည်း ယှဉ်ပြိုင်နေကြတဲ့ အသင်းတွေက ဘောလုံးရာသီကို ဆုဖလား လက်မဲ့နဲ့ မကုန်ဆုံးချင်တာကြောင့် အပြိုင် ကစားခဲ့ကြပါတယ်။

Photo Credit: Dailystar

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးက ရေတွက်ရင် အဆင့် (၂) နေရာမှာ ရပ်တည်လျက် ရှိတဲ့ မန်စီးတီးအသင်း နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အောက်ဆုံးက ရေတွက်ရင် အဆင့် (၂) နေရာ ရရှိထားတဲ့ အက်စတွန်ဗီလာအသင်းတို့က ကာရာဘောင် ဖလား ဗိုလ်လုပွဲစဉ်ကို ကစားကြမှာ ဖြစ်တာကြောင့် အဆင့်အရ ပြောရမယ် ဆိုရင် အလွန် ခြေစွမ်း ကွာနေတယ်လို့ ပြောရမှာပါပဲ။ ကာရာဘောင် ဖလား ပြိုင်ပွဲမှာ ငွေကြေး အကြောင်းပြောရမယ် ဆိုရင် ဆီမီးဖိုင်နယ်အဆင့်ကနေ ငွေကြေး စပေးခဲ့ပြီး ကွာတား ဖိုင်နယ်အဆင့်မှာတော့ ဘာငွေကြေးမှ မပေးတာ ဖြစ်ပါတယ်။

Photo Credit: Dailystar

ယခုနှစ် ကာရာဘောင် ဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ထိ တက်ရောက်လာနိုင်ခဲ့ကြတဲ့ အသင်းတွေအနေနဲ့ ပေါင် (၂၅,၀၀၀) စီ ရရှိခဲ့ကြပြီး ယနေ့ည ကစားသွားမယ့် ဗိုလ်လုပွဲစဉ်မှာ အနိုင်ရ ဗိုလ်စွဲသွားတဲ့ အသင်းက ပေါင် (၁၀၀,၀၀၀) ရရှိမှာ ဖြစ်တယ်လို့ သိရှိထားရပါတယ်။ ယနေ့ည ကစားမယ့် ဗိုလ်လုပွဲစဉ်မှာ ရှုံးနိမ့်သွားတဲ့ အသင်းဟာလည်း ငွေကြေး ရရှိမှာ ဖြစ်ပြီး ဗိုလ်လုပွဲစဉ်မှာ ရှုံးနိမ့်သွားတဲ့ အသင်းကတော့ ပေါင် (၅၀,၀၀၀) ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။ ကာရာဘောင် ဖလားပြိုင်ပွဲဟာ အက်ဖ်အေ ဖလား ပြိုင်ပွဲထက် ပို နိမ့်တယ်လို့ ပြောခဲ့သလိုပဲ အက်ဖ်အေ ဖလား ပြိုင်ပွဲရဲ့ ပေးငွေကိုတော့ မှီနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပြီး အက်ဖ်အေ ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ အနိုင်ရ ဗိုလ်စွဲတဲ့ အသင်းက ပေါင် (၃.၆) သန်း ရရှိလျက် ရှိပါတယ်။

ကာရာဘောင် ဖလား ပြိုင်ပွဲ ပေးငွေ
– ဆီမီးဖိုင်နယ် (ပေါင် ၂ သောင်းခွဲ)
– ဒုတိယ ( ပေါင် ၅ သောင်း)
– ပထမ (ပေါင် ၁ သိန်း)