ဒီနေ့ မတ်လ၁ရက်နေ့မှာတော့ လိဂ်ဖလား (EFL Cup) ခါရာဘောင်းဖလား အမျိုးမျိုးခေါ်တွင်ကြတဲ့ အင်္ဂလန်ဘောလုံးလောကရဲ့ ရှံးထွက်ဖလား ဗိုလ်လုပွဲကို ဆင်နွဲတော့မှာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီရဲ့ လိဂ်ဖလားဖိုင်နယ်ကို တတ်လှမ်းလာခဲ့တဲ့ အသင်းတွေကတော့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ လိဂ်ဖလားသမိုင်းတလျှောက် စတုတ္ထမြောက်အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ အက်စတွန်ဗီလာအသင်းတို့ပဲဖြစ်ပြီး ဝင်ဘာလေကွင်းကြီးအတွင်းမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Photo Credit : Getty Images

ပထမဆုံးတော့ မန်စီးတီးအသင်းအကြောင်းကို အရင်ဆွေးနွေးကြည့်ချင်ပါတယ်။ မန်စီးတီးက ဒီရာသီမှာ ပရီးမီးယားလိဂ်ကို လက်လွတ်ရဖို့ အနီးစပ်ဆုံးဖြစ်နေတာမို့ အခုလို လိဂ်ဖလားတစ်လုံးကို လက်မလွတ်ခံရယူထားဖို့ စိတ်ပိုင်းဖြတ်ထားမှာပါ။ နောက်ပြီး မန်စီးတီိးက လိဂ်ဖလားကို အလေးထားပြီးကစားတယ်ဆိုတာ ရှေ့၂နှစ်ဆက်တိုက် ဗိုလ်စွဲထားတာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒီပွဲမတိုင်ခင် ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းမျိုးကို အနိုင်ရထားလို့ စိတ်ဓါတ်တတ်ကြွနေတဲ့ မန်စီးတီးတို့ ဗီလာကိုလည်း လိဂ်ဖလားမှာ အလှဲထိုးဖို့ အားမွေးထားမှာပါ။

Photo Credit : Getty Images

ဆက်လက်ပြီး ဖိုင်နယ်အထိ အံ့အားသင့်စရာ တတ်လှမ်းလာခဲ့တဲ့ ဗီလာအသင်းအကြောင်းကိုလည်း သုံးသပ်ချင်ပါသေးတယ်။ လက်ရှိ တန်းဆင်းဇုန်နားမှာ တဝဲလည်နေတဲ့ ဗီလာက လိဂ်ဖလားပြိုင်ပွဲ စတင်ကျင်းပချိန်မှာပဲ ဒီဖလားကို ပထမဆုံးပိုင်ဆိုင်နိုင်ခဲ့တဲ့ အသင်းဖြစ်ပြီးတော့ ချန်ပီယံ၅ကြိမ်အထိကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ သမိုင်းကြောင်းမခေလှတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၆နောက်ပိုင်းကတည်းက လိဂ်ဖလားဗိုလ်လုပွဲဆီကို ယောင်လို့တောင် မရောက်လာတော့တဲ့အပြင် လက်ရှိ တကျော့ပြန်ဖိုင်နယ်ကို ရောက်ရှိနေချိန်မှာလည်း အသင်းက ပရိးမီးယားလိဂ်မှာ တန်းမဆင်းဖို့ ရုန်းနေရချိန်ဖြစ်လို့ အားထုတ်ကြိုးပမ်းမှုမှာ အတိုင်းအတာတွေ ပါဝင်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း ဒါဟာ တစ်ပွဲတည်းပဲ ကစားရတော့မယ့် ဗိုလ်လုပွဲပါ။ ရှိသမျှ အင်အားတွေကို ညစ်ထုတ်ပြီး ယှဉ်ပြိုင်ကစားကြမှာဖြစ်လို့ ဘယ်အသင်းကိုမှ လျှော့တွက်လို့တော့ မရပါဘူး။ လက်ရှိခြေစွမ်းတွေအရ မန်စီးတီးက အသာရနေတယ်လို့ ခပ်လွယ်လွယ်ကောက်ချက်ချနိုင်ပေမယ့် ဗီလာမှာလည်း ဂါရီးလစ်ရှ် ဆမန်သာ ဂါဟာဇီတို့လို ကစားသမားကောင်းတွေရှိနေသလို မက်ကင်းကလည်း ဒဏ်ရာကနေ ပြန်လည်သက်သာပြီဖြစ်လို့ ဒီပွဲကိုပါဝင်လာနိုင်ပါတယ်။ မန်စီးတီးအသင်းကတော့ ၄-၃-၃ ကစားကွက်ကို ပြန်လည်သုံးလာမှာဖြစ်သလို ရီးရဲလ်နဲ့ပွဲမှာ ပွဲထွက်ခွင့်မရခဲ့တဲ့ အဂူရိုလည်း တိုက်စစ်မှာ ပါဝင်လာနိုင်ပါတယ်။ ဗီလာကို လျှော့တွက်လို့မဖြစ်ပေမယ့် ဖိုင်နယ်ပွဲတွေနဲ့ ပိုအကျွမ်းဝင်နေတဲ့ မန်စီးတီးကပဲ အနိုင်ယူသွားမယ်လို့ ထသ်မိပါတယ်။ ဂိုးတော့မပြတ်နိုင်ဘူး။