မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တရားဝင် အသင်းခေါင်းဆောင်သစ် ဖြစ်လာခဲ့သူ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က လက်ရှိမှာ အသင်းရဲ့ တရားဝင် အသင်းခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့ပေမယ့်လည်း သူ့အနေနဲ့ သူရဲ့ ပုံစံအတိုင်းပဲ ပြုမှု ဆောင်ရွှက်သွားမယ်လို့ အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။
ဖာနန်ဒက်စ်င ကွင်းလယ်ဒိုင်တွေကိုရော ပြိုင်ဘက် ကစားသမားတွေကိုပါ အငြင်းအခုံတွေ လုပ်ဆောင်တတ်သူဖြစ်ပြီး ဒီလို လုပ်ဆောင်မှုတွေကြောင့် သူ့ကို ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း သူကတော့ ဒီပုံစံအတိုင်းသာ ဆက်တိုက် လုပ်ဆောင်သွားမှာ ဖြစ်သလို လိုအပ်ရင်လည်း အသင်းဖော်တွေကိုပါ တစ်ပုံစံတည်း လုပ်ဆောင်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Football365
အသက် (၂၈)နှစ်အရွယ်ရှိ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဖာနန်ဒက်စ်က စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာချိန်ကတည်းကနေ အခုထိ အသင်းအတွက် တကယ့် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေခဲ့ပြီး သူရဲ့ သက်ရောက်မှုတွေကလည်း အသင်းအတွက် အတော်လေး အကျိုးရှိစေခဲ့ပါတယ်။
ဖာနန်ဒက်စ်က သူရဲ့ စွမ်းဆောင်ရည်တွေနဲ့ပါ အသင်းကို အကျိုးပြုတာ မဟုတ်ပဲ သူရဲ့ aggressive ဆန်ဆန် ပြုမှုတတ်တဲ့ အပြုအမှုတွေနဲ့ အသင်းက ကစားသမားတွေကို ထိရင် မခံနိုင်ပဲ ကာကွယ်မှု ပေးတတ်တဲ့ ပုံစံတွေနဲ့ပါ အသင်းကို အကျိုးပြုတတ်ပါတယ်။ ဒါတွေက တခြား အသင်းဘက်က ကြည့်ရင် မုန်းလောက်စရာ ပုံစံမျိုး ဖြစ်နေပေမယ့်လည်း ဒီလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားတဲ့ အသင်းအတွက်ကတော့ တကယ်ကို အကျိုး ရှိစေရပါတယ်။
Photo Credit : The Athletic
ဒါကြောင့်လည်း တန်ဟက်ဂ်က မက်ဂွိုင်းယားဆီကနေ အသင်းခေါင်းဆောင် ရာထူးကို ဖယ်ရှားပြီးချိန်မှာပဲ ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်သစ်အဖြစ် တရားဝင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်က အခုလို အသင်းခေါင်းဆောင် ဖြစ်လာချိန်မှာ သူရဲ့ငြင်းတတ်ခုံတတ်တဲ့ ပုံစံကိုလည်း ဆက်လက် ပြုမှုသွားဦးမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
“ဒီတိုင်းပဲ ဆက်ဖြစ်နေရမယ်လို့ ကျွန်တော် ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို လုပ်ဆောင်မှုတွေကပဲ ကျွန်တော့်ကို အသင်းခေါင်းဆောင် တစ်ယောက် ရွေးချယ်ဖို့ ဖြစ်လာစေခဲ့တာလို့ နည်းပြက ပြောပါတယ်။ ဒါကြောင့် ကျွန်တော် ဒီပုံစံကို ဆက်ထိန်းသိမ်းသွားရပါမယ်။ ပွဲတွေတိုင်းမှာ တစ်ပွဲထက် တစ်ပွဲ ပိုပြီး တိုးတက်လာဖို့ လိုအပ်ပေမယ့် ကျွန်တော် လုပ်ဆောင်သမျှတွေကို ကျေနပ်မှု ရှိသလို အဲ့ဒီ စံနှုန်းကိုလည်း ကျွန်တော် ဆက်ထိန်းထားဖို့ လိုအပ်ပါတယ်။” လို့ ဖာနန်ဒက်စ်က ပြောဆိုသွားခဲ့ပါတယ်။