အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အေစီမီလန်ရဲ့ ဂန္တဝင် နည်းပြတဦး ဖြစ်သူ ကာပယ်လိုကတော့ အေစီမီလန်ကို အီတလီ စီးရီးအေ ဆုဖလား ရရှိအောင် လုပ်ဆောင်ပေးခဲ့တဲ့ ပီအိုလီနဲ့ ရိုးမားကို ယူရိုပါ ကွန်းဖရန့်လိဂ် ရအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ မော်ရင်ဟိုတို့ဟာ လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး နည်းပြနှစ်ဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၇၆နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အီတလီ ဂန္တဝင် နည်းပြကြီး ကာပယ်လိုက အေစီမီလန် ၊ ဂျူဗင်တပ်နဲ့ ရိုးမားတို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး သူက စီးရီးအေ ချန်ပီယံဆု ၄ကြိမ်နဲ့ ကိုပါအီတာလီယာ ဆုဖလား ၂ကြိမ် ရရှိထားပါတယ်။

Photo Credit: Sports Dab

တဖက်မှာတော့ အေစီမီလန်နည်းပြ ပီအိုလီနဲ့ ရိုးမားနည်းပြ မော်ရင်ဟိုတို့က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သက်ဆိုင်ရာ အသင်းတွေကို အကောင်းဆုံး ဦးဆောင်မှု ပေးနိုင်ခဲ့တဲ့ နည်းပြတွေ ဖြစ်ကြသလို ၂၀၂၁-၂၀၂၂ စီးရီးအေ ဘောလုံးရာသီရဲ့ အကောင်းဆုံးနည်းပြ ၃ဦး စာရင်းဝင်ခဲ့တဲ့ ထိပ်တန်း နည်းပြတွေပဲ ဖြစ်ပါတယ်။

အသက်အရွယ်ကြောင့် ဘောလုံးလောက ကနေ အနားယူခဲ့ရပေမယ့် မြက်ခင်းစိမ်းတွေကို အခုထိ ချစ်မြတ်နိုးနေသေးတဲ့ ကာပယ်လိုကလည်း ပီအိုလီနဲ့ မော်ရင်ဟိုတို့ဟာ စီးရီးအေရဲ့ ထိပ်သီး နည်းပြတွေ ဖြစ်ကြောင်းကို ထောက်ခံခဲ့သလို သူတို့နှစ်ဦးထက် ပိုကောင်းတဲ့ နည်းပြမျိုး စီးရီးအေမှာ မရှိသေးဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

Photo Credit: Sports Dab

ကာပယ်လိုက – “လက်ရှိ စီးရီးအေရဲ့ အကောင်းဆုံး နည်းပြနှစ်ယောက်က ပီအိုလီနဲ့ မော်ရင်ဟိုပါပဲ။ ပီအိုလီက အေစီမီလန်ကို ဝေးကွာနေတဲ့ စီးရီးအေ ဆုဖလား ပြန်လည် ရရှိအောင် လုပ်ပေးနိုင်ခဲ့သလို ဒုတိယ တယောက်ကလည်း သူဟာ ဥရောပပြိုင်ပွဲတွေမှာ ဘယ်လောက်တောင် တော်လဲ ဆိုတာကို သက်သေပြထားပါတယ်။ ဟိုဆေးက ရိုးမားအတွက် အရမ်းကို အရေးပါတဲ့ အောင်မြင်မှု တခု ရယူပေးနိုင်ခဲ့တာပါ” လို့ ချီးကျူးသွားခဲ့တာပါ။