အီတလီလက်ရွေးစင်အသင်းရဲ့ ဂန္တဝင် ခံစစ် ကစားသမားတစ်ဦး ဖြစ်သလို လက်ရှိအချိန်မှာ တရုတ်စူပါလိဂ်အသင်းတစ်သင်း ဖြစ်တဲ့ ကွမ်ကျိုးအသင်းကို နည်းပြနေတဲ့ ကန်နာဗာရိုက ယခုနှစ် ဥရောပဘောလုံးပြိုင်ပွဲတွေဟာ ဆက်ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိအချိန် မှာ ကိုရိုနာဗိုင်းရပ် စတင်ဖြစ်ပွားတဲ့ တရုတ်မှာ နေထိုင်လျက်ရှိတဲ့ ကန်နာဗာရိုဟာ ကိုရိုနာရောဂါ စောင့်ကြည့်ရေးကာလ နှစ်ပတ်ကို အိမ်ထဲမှာပဲ နေနေရသူဖြစ်ပြီး မကြာမီမှာတော့ အဆိုပါ အချိန်ကာလတွေ ကုန်ဆုံးတော့မှာဖြစ်ကြောင်း သူ့ရဲ့ ပရိသတ်တွေကို အသိပေးပြောဆိုခဲ့သူလဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့ဖူးတဲ့ ကန်နာဗာရိုဟာ သူ့ရဲ့အမြင်အရ ဥရောပမှာ ကျင်းပနေတဲ့ လိဂ်ပြိုင်ပွဲတွေဟာ ရာသီကုန် အထိ ကျင်းပဖို့ မဖြစ်နိုင်တော့ကြောင်းနဲ့ ဥရောပလိဂ်ပြိုင်ပွဲတွေဟာ တရုတ်နိုင်ငံကို နမူနာ ယူသင့်တယ်လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ လိဂ်ပြိုင်ပွဲတွေကို ဆက်ပြီး ကျင်းပမလား ၊ ဖျက်သိမ်းမလားဆိုတာနဲ့ ပတ်သတ်ပြီး ဥရောပရပ်ဝန်းမှာ အမြင်မတူသူတွေ ရှိနေကာ တချို့က ရာသီသစ် ပြန်စတာက အကောင်းဆုံးဖြစ်မယ်လို့ အကြံပေးထားကြသလို တချို့လူတွေကလဲ ကိုရိုနာရောဂါ မပြန့်ပွားတော့တဲ့ အချိန်အထိ စောင့်ဆိုင်းကာ လက်ရှိပြိုင်ပွဲတွေကို ဆက်လက်ကျင်းပရင် ဖြစ်နိုင်ကြောင်း တိုက်တွန်းပြောဆိုထားကြပါတယ်။

Photo Credit: Metro.com

ကန်နာဗာရိုကတော့ ” စပိန်နဲ့အီတလီနိုင်ငံတွေက လိဂ်ပြိုင်ပွဲတွေကို အဆုံးသတ်ဖို့ အချိန် အများကြီးယူရလိမ့်မယ်လို့ ကျွန်တော် ထင်မြင် ပါတယ်။ ပြီးတော့ အခြားလိဂ်တွေအနေနဲ့လဲ ဒီရာသီမကုန်မီမှာ ပြိုင်ပွဲတွေကို ပြန်ကျင်းပဖို့ ခက်ခဲနိုင်ပါလိမ့်မယ်။ ကွမ်ကျိုးမှာရှိတဲ့ ဗိုင်းရပ် ကတော့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ ကန့်သတ်ချက်တွေလဲ သိပ်မရှိပါဘူး။ အိမ်ထဲမှာ ၁၄ရက်နေရတာပဲ ရှိတာပါ။ နောက် ၂ရက်ဆိုရင်တော့ ကျွန်တော့်ရဲ့ စောင့်ကြည့် ကာလက ပြီးဆုံးတော့မှာပါ။ အခုချိန်မှာ အရေးကြီးဆုံးက အိမ်မှာနေဖို့ပါပဲ။ ကျွန်တော်တို့တွေက ဒီဗိုင်းရပ်ကို ဆက်ပြီးတော့ မပျံ့သွားစေဖို့ ဂရုစိုက်သင့်ပါတယ်။ ကျွန်တော်တို့ဟာ တရုတ် ကို နမူနာယူပြီး ရောဂါထိန်းချုပ်မှုတွေကို လုပ်သွားသင့်ပါတယ် ” လို့ ပြောကြားသွားခဲ့တာပါ။