အင်တာမီလန်အသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အီတလီ လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင် ခံစစ်မှူးကြီး ကန်နာဗာရို ကတော့ လတ်တလောမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားဟာ ထိပ်တန်း နောက်ခံလူ တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး မက်ဂွိုင်းယားဟာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နောက်ခံလူ တဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ လက်စတာ စီးတီးအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာသူ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်ရှိပြီး နောက်ပိုင်းမှာ အသင်းရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး ဖြစ်လာသူပါ။

Photo Credit: Metro

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ မက်ဂွိုင်းယားဟာ ကြံ့ခိုင်မှု ပြည့်ဝမှု မရှိပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကို ဝင်ရောက် ကစားရာမှ အမှားအယွင်း အများအပြားကို ကျူးလွန်မိခဲ့ပြီး အဆိုပါ အမှားတွေကြောင့်ပဲ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေက မက်ဂွိုင်းယားဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ မထိုက်တန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

၂၀၀၀ခုနှစ် နောက်ပိုင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ တဦးထဲသော ခံစစ်မှူး ဖြစ်သူ ကန်နာဗာရိုကတော့ မက်ဂွိုင်းယား အပေါ် ဝေဖန်မှုတွေဟာ မှားယွင်းနေကြောင်း ယူဆနေပြီး မက်ဂွိုင်းယားဟာ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ထိပ်တန်း နောက်ခံလူ တဦး ဖြစ်ကြောင်းလည်း ချီးကျူးခဲ့ပါတယ်။

Photo Credit: Metro

ကန်နာဗာရိုက – “ ဟယ်ရီ မက်ဂွိုင်းယားလို ထိပ်တန်း ကစားသမားတွေက အမြဲတမ်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ထိုက်တန်မှု ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေဟာ ထိပ်တန်းအသင်းတွေက အရည်အသွေးရှိတဲ့ ကစားသမားတွေ အပေါ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြတဲ့ အခါ မေးခွန်းထုတ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ အီတလီမှာ ပြောနေကြ စကားတခွန်း ရှိတယ်ဗျ။ ထိပ်တန်း တိုက်စစ်မှူးတွေက လက်မှတ်တွေ ရောင်းကုန်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ထိပ်တန်း ခံစစ်မှူးတွေကပဲ နိုင်ပွဲတွေကို ယူပေးနိုင်တယ်တဲ့” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။