MySport Myanmar

ကန်ဆယ်လိုကို ခေါ်ယူနိုင်ဖို့ ကစားသမား အေးဂျင့်နဲ့ ဆွေးနွေးနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လာမယ့် နွေဈေးကွက်အတွင်းမှာ မန်ချက်စတာစီးတီးအသင်းရဲ့ ပေါ်တူဂီ နောက်ခံအစွန်လူ ဂျာအိုကန်ဆယ်လိုကို အငှား+အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် ကန်ဆယ်လိုရဲ့ အေးဂျင့်နဲ့ တွေ့ဆုံ ဆွေးနွေးနေတယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ညာခြမ်း ခံစစ်ကစားသမား ဖြစ်ပေမယ့် ဘယ်နောက်ခံ နေရာမှာပါ ကစားနိုင်တဲ့သူ ကန်ဆယ်လိုဟာ မကြာသေးခင်ကမှ မန်စီးတီးအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားပေမယ့်လည်း ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ထဲမှာပဲ ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားချခံခဲ့ရပါတယ်။ ကန်ဆယ်လိုဟာ မန်စီးတီးအသင်းမှာ အသင်းနည်းပြ ပက်ပ်ဂွာဒီယိုလာနဲ့ အဆင်မပြေမှုတွေ ဖြစ်ထားခဲ့ရပြီး ဆောင်းဈေးကွက် ပိတ်ခါနီးလောက်မှာပဲ အံ့အားသင့်စဖွယ် ဘိုင်ယန်အသင်းဆီ အငှားချခံရကာ ယူရို သန်း(၇၀)နဲ့ အပြီးသတ် ရောင်းချခွင့်ပါ ထည့်သွင်းထားခဲ့ပါသေးတယ်။

Photo Credit : Football Espana

ဘိုင်ယန်ကလည်း ကန်ဆယ်လိုကို အငှားနဲ့ ခေါ်ယူခဲ့ပေမယ့် အသင်းမှာ နည်းပြ အပြောင်းအလဲတွေ ဖြစ်ပေါ်ထားခဲ့တာကြောင့် option to buy အတိုင်း အပြီးသတ် ခေါ်ယူဖို့ဆိုတာ မသေချာသေးပဲ အငှားပြည့်ချိန်မှာပဲ ကန်ဆယ်လိုရဲ့ မူရင်းကလပ် မန်စီးတီးအသင်းဆီသာ ပြန်လည် ပို့ဆောင်ဖွယ်သာ ရှိနေပါတယ်။ မန်စီးတီးဘက်ကလည်း ကန်ဆယ်လိုကို အသင်းမှာ ဆက်လက် အသုံးပြုသွားဖို့ ဆန္ဒမရှိတော့ပဲ အသင်းကနေ ရှင်းထုတ်သွားဖို့သာ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Sights Football

ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတဲ့ ကန်ဆယ်လိုကို လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းက ခေါ်ယူသွားချင်နေပြီး တစ်ရာသီ အငှားအပြင် အပြီးသတ် ခေါ်ယူခွင့်နဲ့ပါ ကမ်းလှမ်းသွားဖို့ စီစဉ်လာခဲ့ပါတယ်။ ဒီကမ်းလှမ်းမှုအတွက် ဘာစီလိုနာဟာ ကန်ဆယ်လိုရဲ့ အေးဂျင့်နဲ့ ဆွေးနွေးလျက် ရှိနေပြီး ကန်ဆယ်လိုကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ကစားချင်နေတာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ ကန်ဆယ်လိုဟာ ဗလင်စီယာအသင်းနဲ့အတူ စပိန်လာလီဂါပြိုင်ပွဲမှာ (၇၄)ပွဲအထိ ပါဝင်ကစားဖြစ်ခဲ့ပြီး (၂)ဂိုးသွင်း (၄)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

Exit mobile version