ဆောင်းဈေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီး ကနေ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကန်ဆယ်လိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မိန့်ဇ် ၀-၄ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာပဲ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ခံစစ်မှူး ကန်ဆယ်လိုက ကမ္ဘာ့အဆင့် ခံစစ်မှူး တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ စီးတီးနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့သူပါ။

Photo Credit: Euro Sport

ဒါပေမယ့် ကန်ဆယ်လိုက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီး မန်ချက်စတာ စီးတီးဆီ ပြန်လည် ရောက်ရှိချိန်မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်လာရပြီး ပွဲထွက်ခွင့်ကိစ္စကြောင့်ပဲ ကန်ဆယ်လိုနဲ့ မန်ချက်စတာ စီးတီး နည်းပြချုပ် ဂွာဒီယိုလာတို့ကြား အချင်းများမှုတွေ ရှိခဲ့သလို ကန်ဆယ်လိုက ပွဲထွက်ခွင့် မပေးနိုင်ရင် အသင်းပြောင်းခွင့် ပေးဖို့ မန်ချက်စတာ စီးတီးထံ တောင်းဆိုခဲ့ကာ မန်ချက်စတာ စီးတီးကလည်း သူ့ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မိန့်ဇ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲစဉ်မှာတော့ ကန်ဆယ်လိုက သူ့ရဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ပထမဦးဆုံးပွဲကို ဝင်ရောက် ကစားခွင့် ရခဲ့ပြီး အဆိုပါပွဲမှာ ဘိုင်ယန်မြူးနစ်က မိန့်ဇ်ကို ၀-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့သလို ကန်ဆယ်လိုကလည်း အဖွင့်ဂိုး ဖြစ်တဲ့ ချူပိုမိုတင်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sport

ကန်ဆယ်လိုက ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ပွဲဦးထွက်မှာတင် ဂိုးဖန်တီးမှု ၁ကြိမ် ရခဲ့သလို အဆိုပါပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်က အတော်လေး ကောင်းခဲ့ပြီး ဘိုင်ယန်မြူးနစ် ပရိသတ်တွေကတော့ သူတို့အသင်းဆီ ကန်ဆယ်လိုကို အငှားကြေး မယူပဲ အငှားချပေးခဲ့တဲ့ မန်ချက်စတာ စီးတီးကို ကျေးဇူးတင်ကြောင်း သီချင်းတွေ လုပ်ကာ သီဆိုနေကြပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂယ်စမန်းနဲ့ နည်းပြအဖွဲ့က ကန်ဆယ်လိုရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် သူ့ကို အသင်းရဲ့ အဓိက ညာနောက်ခံလူ အဖြစ် ဆက်လက် သုံးစွဲသွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။