မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားနေတဲ့ နောက်ခံအစွန်လူ ဂျာအို ကန်ဆယ်လိုက သူ့အသင်းဟောင်း စီးတီးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၂)နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်လာနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ် ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်စီးတီးအသင်းဟာ သူတို့ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပ ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ရင်းနဲ့ တစ်ရာသီအတွင်းမှာပဲ Treble Champions ပါ ဖြစ်လာခဲ့တဲ့အထိ အလွန်အောင်မြင်ခဲ့ရပါတယ်။

Photo Credit : Eurosport

အခုနှစ် ဘောလုံးရာသီထဲမှာလည်း မန်စီးတီးအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲထဲ အုပ်စုအဆင့်ကနေ စတင်ပြီး ရှုံးထွက် (၁၆)သင်းအဆင့်ထိ (၈)ပွဲဆက်တိုက် ရာနှုန်းပြည့် အနိုင်ရထားခဲ့သလို ဒီရာသီထဲမှာပါ ချန်ပီယံလိဂ်ဖလားကို ထပ်မံ ရယူနိုင်ဖို့ အလားအလာ အလွန်ကောင်းနေရပါတယ်။

လက်ရှိမှာ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေပြိုင်ပွဲတွေ အားလုံးမှာ ဗိုလ်စွဲနိုင်ဖို့ အခြေအနေ ကောင်းလျက်ရှိနေပြီး ကစားသမားဟောင်း ကန်ဆယ်လိုကိုယ်တိုင်ကပါ ဒီရာသီမှာလည်း မန်စီးတီးအသင်းကပဲ ချန်ပီယံလိဂ်ဖလားကို ထပ်ယူသွားလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ကန်ဆယ်လိုက “မန်စီးတီးအသင်းက ချန်ပီယံလိဂ်မှာ ချန်ပီယံ ဖြစ်လာဖို့ ရေပန်းအစားဆုံး အသင်းပါ။ အသင်းရဲ့ ကစားသမားအင်အား တောင့်တင်းမှု ၊ အကောင်းဆုံး နည်းပြတစ်ဦးနဲ့ သူတို့ရဲ့ ကစားပုံတွေကြောင့်လို့ အခုလို ရေပန်းအစားဆုံး ဖြစ်နေတာပါ။ သူတို့အသင်းက ချန်ပီယံလိဂ်မှာ (၂)ကြိမ်ဆက် ချန်ပီယံ ဖြစ်မယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိမှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ဆီကို တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်ပြီး ကန်ဆယ်လိုရဲ့ ဘာစီလိုနာအသင်းကတော့ ဒီညမှာ နာပိုလီအသင်းနဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲ ဒုကျော့ကို ဆက်လက် ဆင်နွဲသွားရဦးမှာပဲ ဖြစ်ပါတယ်။