ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီး ကနေ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ အစွန်ခံစစ်မှူး ကန်ဆယ်လိုက ဘိုင်ယန်မြူးနစ် အတွက် ၂ပွဲ ပါဝင် ကစားပေးထားရာမှာ ၂ဂိုး ဖန်တီးပေးပြီး မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဂွာဒီယိုလာ အပါအဝင် တာဝန်ရှိသူတွေ နောင်တရအောင် ခြေစွမ်းပြနေခဲ့ပါတယ်။

ကန်ဆယ်လိုက ပွဲထွက်ခွင့်ကိစ္စနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာနဲ့ စကားများရာ ကနေ မန်ချက်စတာ စီးတီးကို စွန့်ခွာကာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကာ ဘိုင်ယန်မြူးနစ်က ကန်ဆယ်လိုကို ရာသီဝက်အငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူထားတာပဲ ဖြစ်ပါတယ်။

Photo Credit: Sports Brief

ကန်ဆယ်လိုက ဘိုင်ယန်မြူးနစ်ဆီ စစရောက်ချင်းမှာပဲ မိန့်ဇ် ၀-၄ ဘိုင်ယန်မြူးနစ်ပွဲမှာ ညာနောက်ခံ ကစားသမား အဖြစ် ပွဲထွက် ကစားရင်း သူ့ရဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ပွဲဦးထွက်ကို စတင် ကစားခဲ့ပြီး အဆိုပါပွဲမှာ ကန်ဆယ်လိုက တိုက်စစ်မှူး ချူပိုမိုတင်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ယမန်နေ့ညမှာ ကန်ဆယ်လိုက သူ့ရဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ဒုတိယမြောက်ပွဲ အဖြစ် ဝုဖ်ဘက် ၂-၄ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ဆက်လက် ပါဝင် ကစားခဲ့ရပြီး အဆိုပါပွဲမှာလည်း ကန်ဆယ်လိုက ပွဲချိန် ၁၄မိနစ်မှာ သွင်းယူခဲ့တဲ့ ကိုးမန်းရဲ့ သွင်းဂိုးကို လှပတဲ့ ဖြတ်တင်ဘောနဲ့အတူ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sports Brief

ဒါကြောင့် ကန်ဆယ်လိုက ဘိုင်ယန်မြူးနစ် အတွက် ၂ပွဲ ပါဝင် ကစားထားရာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်က ခံစစ်မှူး တဦး အတွက် အတော်လေး အထင်ကြီးစရာ ကောင်းတဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။

တဖက်မှာတော့ ကန်ဆယ်လိုရဲ့ မိခင်ကလပ် မန်ချက်စတာ စီးတီးက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၂)မှာ စပါးကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သလို အဆိုပါပွဲမှာ မန်ချက်စတာ စီးတီး အစွန်ခံစစ်မှူးတွေ ဖြစ်တဲ့ ရီကို လီဝစ်နဲ့ ဝေါ်ကာတို့ဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက ကန်ဆယ်လိုကို အငှားနဲ့ စေလွှတ်ခဲ့မှု အတွက် နောင်တရနေလောက်ပါပြီ။