ယခု ဆောင်းဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီး ကနေ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ကာ ဘောလုံးလောက တခုလုံးကို အံ့အားသင့်သွားစေခဲ့တဲ့ ကန်ဆယ်လိုကတော့ သူဟာ ကစားခွင့် နည်းလာတာကြောင့် မန်ချက်စတာ စီးတီးကို စွန့်ခွာခဲ့တာ ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ခံစစ်မှူး ကန်ဆယ်လိုက ဘယ်နောက်ခံလူ အဖြစ်ရော ညာနောက်ခံလူ အဖြစ်ပါ ကစားနိုင်စွမ်း ရှိတဲ့ ကမ္ဘာ့အဆင့် ခံစစ်မှူး တဦး ဖြစ်ပြီး သူက ဂျူဗင်တပ်ကနေ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့လာပြီးကတည်းက အသင်းရဲ့ အဓိက ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Be Soccer

ကန်ဆယ်လိုက မန်ချက်စတာ စီးတီး အတွက် ၃ရာသီခွဲ ကြာအောင် ကစားပေးခဲ့ရာမှာ အသင်းအတွက် စုစုပေါင်း ၁၅၄ပွဲ အထိ ကစားခွင့် ရခဲ့သလို သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီ အစမှာ သူ့ကို ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့သလို ကျောနံပါတ်၇ကိုလည်း ပေးအပ်ခဲ့ပါတယ်။

ဒါပေမယ့် ကန်ဆယ်လိုက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ မန်ချက်စတာ စီးတီးနည်းပြ ပပ် ဂွာဒီယိုလာနဲ့ စကားများခဲ့ပြီးနောက် ပွဲထွက်ခွင့် နည်းပါးလာခဲ့ပြီး ဇန်နဝါရီလ ၂၀ရက်နေ့ နောက်ပိုင်းမှာ မန်ချက်စတာ စီးတီး အတွက် တမိနစ်တောင် ပါဝင် ကစားခွင့် မရခဲ့ပဲ ကစားခွင့် နည်းပါးမှု ၊ ဂွာဒီယိုလာနဲ့ ဆက်ဆံရေး အဆင်မပြေမှုတို့ကြောင့်ပဲ ကန်ဆယ်လိုဟာ မန်ချက်စတာ စီးတီးကို စွန့်ခွာကာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းလာခဲ့တာပါ။

Photo Credit: Be Soccer

ဘိုင်ယန်မြူးနစ်ကတော့ ကန်ဆယ်လိုကို ရာသီဝက်အငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ပေးကာ အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ကန်ဆယ်လိုက ပွဲထွက်ခွင့် နည်းပါးလာမှုကြောင့် အသင်းပြောင်းခဲ့တာပါလို့ ပြောကြားရင်း သူနဲ့ ဂွာဒီယိုလာတို့ ကြားထဲမှာ အချင်းများမှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေကို သွယ်ဝိုက်ကာ အတည်ပြုသွားခဲ့ပါတယ်။

ကန်ဆယ်လိုက – “ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ကျွန်တော်က မန်ချက်စတာ စီးတီးမှာ ကစားခွင့် နည်းပါးခဲ့ပါတယ်။ ဒီအချက်ကပဲ ကျွန်တော့်ရဲ့ အသင်းပြောင်းချင်စိတ်ကို ပိုပြီး ခိုင်မာစေခဲ့တာပါ။ ပပ်နဲ့ ကျွန်တော့်ရဲ့ ကိစ္စကြောင့် အသင်းပြောင်းခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်က သမိုင်းကြောင်း ကြီးမားတဲ့ အသင်းဆီ ပြောင်းဖို့ နဂိုကတည်းက စဉ်းစားနေခဲ့တာပါ။ ဒါက ကျွန်တော့်ရဲ့ အိမ်မက်လို့ ပြောရင်လည်း မမှားပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပါ။