ချယ်လ်ဆီးအသင်းက ဒီနွေမှာလည်း အခြားသော ကလပ်အသင်းတွေအပြင် ဆော်ဒီကလပ်အသင်းတွေထက်ပင် ငွေကြေး သုံးစွဲမှုများစွာနဲ့ ကစားသမား အားဖြည့်မှုတွေကို ထပ်မံ လုပ်ဆောင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးရဲ့ ရလဒ်တွေကတော့ လုံးဝ အားရစရာ အနေအထားဆီ ရောက်မလာသေးပါဘူး။

ကိုင်စီဒိုကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်တယ်။ Deadline Day မှာတောင် စီးတီးကြယ်ပွင့်လေး ပယ်လ်မာကို ရအောင် ခေါ်နိုင်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးကတော့ နည်းပြ ပိုချက်တီနိုလက်ထက်မှာတောင် ပရီးမီးယားလိဂ် အဖွင့် (၄)ပွဲအတွင်း လူတန်တောင်း တစ်သင်းတည်းကိုသာ အနိုင်ရထားတဲ့ထိ ရုပ်ပျက်ဆင်းပျက် ဖြစ်နေရပါတယ်။

Photo Credit : CNN

တကယ်တော့ ချယ်လ်ဆီးက ပြီးခဲ့တဲ့ ရာသီတုန်းကထက် စွမ်းဆောင်ရည် တိုးတက်လာမှု ရှိနေသလို ​​ခြေစွမ်းမြှပ်နေတဲ့ ကစားသမားတွေတောင် ပိုချက်တီနိုလက်ထက်မှာ ပြန်ပြီး အလုပ်ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ ရလဒ်အနေအထားတွေကတော့ ခုထိကို စိတ်ကျေနပ်စရာ အနေအထားမှာ ရှိမနေသေးတာကတော့ ချယ်လ်ဆီးပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်နေရပါတယ်။

ဒီလိုအချိန်မှာ တော့ဒ်ဘိုလီလည်း အသင်းအတွက် ကစားသမား ထပ်ဖြည့်လို့ မရတော့ဘူးဆိုပေမယ့် free agent players တွေဘက်မှာတော့ အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ အီဒင်ဟာဇက် ရှိလို့နေပါတယ်။ ဟာဇက်က လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးကနေ ရီးယဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရီဲးယဲလ်နဲ့ စာချုပ်ဖျက်သိမ်းထားပြီး အသင်းလက်မဲ့ ကစားသမား ​ဖြစ်နေရပါတယ်။

Photo Credit : FotMob

အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဟာဇက်က အခုအချိန်မှာ သူ့အတွက် ကလပ်အသင်းသစ် ရှာဖွေဖို့ထက် သူရဲ့ဘောလုံးသမားဘဝကိုတောင် အနားယူလိုက်ဖို့အထိ စဥ်းစားနေတာ ဖြစ်ပေမယ့်လည်း တကယ်လို့သာ သူ့အသင်းဟောင်း ချယ်လ်ဆီးဘက်ကနေ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့မယ်ဆိုရင်တော့ ဟာဇက်အနေနဲ့ ကစားသမားဘဝကို ချယ်လ်ဆီးနဲ့အတူ ဆက်လက် ဖြတ်သန်းသွားနိုင်ဖို့ ရှိနိုင်ပါတယ်။

ဟာဇက်က ချယ်လ်ဆီးအသင်းမှာ (၇)နှစ် ကျင်လည်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအတွက် စုစုပေါင်း ပွဲပေါင်း (၃၅၂)ပွဲအထိ ကစားခဲ့ရင်း သွင်းဂိုးပေါင်း (၁၁၀) သွင်းယူပေးနိုင်ခဲ့ပြီး အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား (၂)ကြိမ် ယူရိုပါလိဂ်ဖလား (၂)ကြိမ် အက်ဖ်အေဖလား (၁)ကြိမ် နဲ့ လိဂ်ဖလား (၁)ကြိမ် ရယူနိုင်ခဲ့ပါတယ်။