ပြင်သစ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ကွင်းလယ်လူ ဗာရက်တီရဲ့ အေးဂျင့်ဟောင်း ဖြစ်သူ ကမ်ပ်လီက ပီအက်စ်ဂျီအသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ အမ်ဘာပေဟာ တရာသီလုံး ပွဲကစားခွင့် မရတဲ့ ပြစ်ဒဏ်နဲ့ ကြုံတွေ့ရနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို အသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့လည်း ငြင်းဆန်ထားသူ တဦးပါ။

Photo Credit: Daily Mail

လက်ရှိမှာ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်း ကနေ ထွက်ခွာကာ လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီနဲ့ တွေ့ဆုံကာ အသင်းပြောင်းခွင့် တောင်းဆိုထားကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားကြပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်း ကတော့ အမ်ဘာပေကို ယခုနှစ် နွေဈေးကွက် အတွင်းမှာ ရောင်းချဖို့ ငြင်းဆန်ထားသလို လာမယ့် ဘောလုံးရာသီ အကုန်မှာလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်လိုပဲ စာချုပ်သစ် ထပ်ချုပ်ဖို့သာ ကြိုးစားနေပါတယ်။

Photo Credit: Daily Mail

ဗာရက်တီရဲ့ အေးဂျင့်အဖြစ်နဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီ ၊ အားကစား ဒါရိုက်တာ လီယိုနာဒိုတို့နဲ့ ဆက်ဆံဖူးတဲ့ ကမ်ပ်လီက အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ ဆန္ဒကို လိုက်လျောဖို့ ဆုံးဖြတ်သင့်ကြောင်းနဲ့ အကယ်၍ မလိုက်လျောခဲ့ရင် ရာဘီယော့စ်လို တရာသီလုံး ပွဲကစားခွင့် မရပဲ ခြေစွမ်း ပျောက်ဆုံးတဲ့ အထိ ဖြစ်သွားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

လက်ရှိ ဂျူဗင်တပ်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ရာဘီယော့စ်ဟာ တချိန်က အမ်ဘာပေလိုပဲ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ဖူးပြီး ပီအက်စ်ဂျီအသင်းဟာ ရာဘီယော့စ်ကို အရန်ခုံမှာသာ တရာသီလုံး ထိုင်ခိုင်းခဲ့ကာ အချိန်အတော်ကြာ ပွဲကစားခွင့် မရတဲ့နောက် ရာဘီယော့စ်ရဲ့ ခြေစွမ်းလည်း ကျဆင်းသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ပွဲကစားခွင့် ဆုံးရှုံးနိုင်ချေနဲ့ ပတ်သတ်ပြီး ကမ်ပ်လီက အမ်ဘာပေကို – “အခုပုံစံက သူဟာ ရာဘီယော့စ်လို အပြစ်ပေးခံရဖို့ နီးစပ်နေပြီလို့ ဆိုရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ပီအက်စ်ဂျီ အတွက် ပိုက်ဆံ ဆိုတာက အရေးမကြီးပါဘူး။ ပြီးတော့ ဥက္ကဌကိုယ်တိုင်က သူဟာ အရာအားလုံးကို ဝယ်နိုင်တယ်လို့ ယူဆထားသူပါ။ ဒီတော့ အမ်ဘာပေကသာ စာချုပ်သစ် မချုပ်ဘူးဆိုရင် သူက သူ့ရဲ့ပုံစံအတိုင်း အပြစ်ပေးမှာပါပဲ။ သူတို့က ပိုက်ဆံကို စိတ်မဝင်စားပါဘူး။ ဒီတော့ ကျွန်တော့်အမြင်အရ ပြောရရင် ဒီနွေမှာ အမ်ဘာပေ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ မဖြစ်နိုင်ပါဘူး။ ပြီးတော့ အမ်ဘာပေက ပီအက်စ်ဂျီအသင်းကို မဆန့်ကျင်သင့်ပါဘူး။ ဆန့်ကျင်ရင် ဘာဖြစ်မလဲ ဆိုတာ ရာဘီယော့စ်က သက်သေပြပြီးပါပြီ” လို့ သတိပေးခဲ့တာပါ။