ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦးဖြစ်သူ ဆိုးလ်ကမ်းဘဲလ်ကတော့ ယခု ယှဉ်ပြိုင် ကစားနေတဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ ဝေးလ်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်တဲ့ ကွင်းလယ်လူ ရမ်ဆေးကို သူ့ရဲ့ အသင်းဟောင်းအနေနဲ့ ပြန်လည် ခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။ အသက် ၃၀ အရွယ် ဝေးလ်လက်ရွေးစင် ကွင်းလယ်လူ ရမ်ဆေးဟာ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်ပြီး အသင်းမှာ ၂၀၁၀ ခုနှစ် ကနေ ၂၀၁၉ ခုနှစ် အထိ ကစားပေးခဲ့ကာ ၂၀၁၉ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာတော့ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: Metro

ရမ်ဆေးဟာ ဂျူဗင်တပ်အသင်းနဲ့အတူ စီးရီးအေဖလား ၊ အီတာလျံဖလားနဲ့ အီတလီ စူပါဖလားတို့ကို အရယူနိုင်ခဲ့ပေမယ့် အသင်းမှာ ထင်ထားသလောက် ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိတာကြောင့် ဂျူဗင်တပ် အသင်းဟာ ယခု နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ရမ်ဆေးကို အသင်းပြောင်းခွင့် ပေးထားပြီး အာဆင်နယ်အသင်း ကတော့ ရမ်ဆေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေပါတယ်။ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဆိုးလ်ကမ်းဘဲလ်ဟာ တူရကီအသင်းနဲ့ ဝေးလ်အသင်းတို့ရဲ့ ပွဲစဉ်ကို ကြည့်ရှုကာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်ခွင့် ရခဲ့ပြီး အဆိုပါ အစီအစဉ်မှာတော့ ဆိုးလ်ကမ်းဘဲလ်က ဝေးလ်အသင်းရဲ့ ဦးဆောင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့တဲ့ ရမ်ဆေးကို အာဆင်နယ်အသင်း အနေနဲ့ ပြန်လည် ခေါ်ယူသင့်ကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Metro

အာဆင်နယ်အသင်း အနေနဲ့ ရမ်ဆေးကို ပြန်လည် ခေါ်ယူသင့်တဲ့ အကြောင်းကို ကမ်းဘဲလ်က – “ အာရွန် ရမ်ဆေးက အရမ်းကောင်းတဲ့ ပြေးထွက်မှုတခုကို လုပ်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ အချိန်အဆကလည်း လုံးဝကို ပြီးပြည့်စုံတယ်။ ဒီတော့ သူက ဘန်းဆိုပြီး ကန်လိုက်တာနဲ့ ဂိုးရတော့တာပဲ။ ခင်ဗျားရဲ့ အသင်းမှာ သူ့လိုမျိုး ဂိုးသွင်းယူနိုင်တဲ့ ကွင်းလယ်လူမျိုး လိုအပ်တယ်ဗျ။ ခင်ဗျားက ဂိုးဘယ်လို သွင်းရမလဲ ဆိုတာ အနံ့ခံနိုင်တဲ့ သူ့လို ကစားသမားမျိုးကို လိုအပ်တယ်။ တူရကီက နောက်တန်းမှာ ကစားသမား ၃ယောက်အထိ ထားပြီး ဆော့တယ်။ ဒီတော့ ရမ်ဆေးက နေရာလွတ်ကို စောင့်နေတယ်။ ပြီးတော့ ဂါရတ်ဘေးလ်က သူ့ဆီ ရောက်အောင် ဘောလုံး ပေးလိုက်တော့ ဂိုးရတော့တာပေါ့။ သူ့ရဲ့ ပြေးထွက်မှုက အရမ်းကို ကောင်းပါတယ်။ သူက အလုပ် ကြိုးစားတယ်။ ပြီးတော့ ပြေးထွက်မှုတွေလည်း ကောင်းတယ်။ သူက တကယ့်ကို ထိပ်တန် ကစားသမားပါ။ ကျွန်တော့်အထင် သူက ဝယ်ယူလို့ရတဲ့ ကစားသမား စာရင်းထဲမှာ ရှိနေပါတယ်။ ဒီတော့ သူက မြောက်လန်ဒန်ကို ပြန်လာပြီး အာဆင်နယ်အသင်း အတွက် ကစားပေးသင့်ပါတယ်” လို့ ပြောကြား သွားတာပဲ ဖြစ်ပါတယ်။