လက်ရှိဘောလုံးရာသီမှာ ပြင်သစ်လီဂူးပြိုင်ပွဲ ဝင် အသင်းတစ်သင်းဖြစ်တဲ့ ရန်းနက်စ်အသင်း အတွက် မထင်မှတ်ပဲ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကစားသမားကတော့ ကွင်းလယ်ခံစစ် ကစားသမားလေး ကာမာဗင်ဂါပဲ ဖြစ်ပါတယ်။ မကြာသေးမီကမှ အသက်၁၇နှစ်ပြည့်ထားတဲ့ ကာမာဗင်ဂါဟာ လက်ရှိရာသီမှာ ရန်းနက်စ်အသင်း အတွက်သာမက ပြင်သစ်လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူဖြစ်ပြီး လက်ရှိမှာတော့ သူ့ကိုခေါ်ယူဖို့အတွက် ဥရောပရဲ့ ထိပ်တန်းအသင်းကြီး များစွာက စိတ်ဝင်စားနေကြပါတယ်။ ယနေ့မနက် မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ စပိန် အင်အားကြီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးလ် အသင်းတို့ဟာ ကာမာဗင်ဂါကို ခေါ်ယူဖို့ စိတ်ပါဝင်စားလာတယ်လို့ သိရှိရပါတယ်။

Photo Credit: Standard.com

ပြင်သစ်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အသက်အရွယ်ရလာတဲ့ အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ ဘက်စ်ကွက်ရဲ့ နေရာအတွက် ကာမာဗင်ဂါကို ခေါ်ယူဖို့ မျက်စိကျလာတာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၁၇နှစ်အရွယ်သာ ရှိသေးတဲ့ ကာမာဗင်ဂါဟာ ကွင်းလယ်ခံစစ်နေရာနဲ့ Box to Box ကစားပုံတွေမှာ ထူးချွန်သူဖြစ်ပြီး သူဟာ ချယ်လ်ဆီး ကွင်းလယ်လူ ကန်တီနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်လူ ဗာရက်တီတို့ကို ပေါင်းစပ်ထားတဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားသူအဖြစ် ဘောလုံးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ခြင်းကို ခံထားရသူဖြစ်ပြီး လာမယ့်ဘောလုံးရာသီမှာ ထိပ်သီး အသင်းတစ်သင်းထံ ပြောင်းရွှေ့သွားနိုင်သူလို့ ထင်ကြေး ပေးခံထားရသူပါ။

Photo Credit: Standard.com

လီဗာပူးလ်အသင်းကတော့ လစ်ဇက်အသင်းမှ အားကိုးတကြီး ခေါ်ယူထားပေမယ့် ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းထုတ်ပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ နာဘီကီတာနဲ့ အသက်အရွယ်ရလာတဲ့ ဝစ်နယ်ဒန်တို့ရဲ့ နေရာအတွက် ကာမာဗင်ဂါကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။ လက်ရှိစျေးကွက်အနေအထားအရ ကာမာဗင်ဂါရဲ့ တန်ကြေးဟာ ယူရို ၆၀သန်းဝန်းကျင် ရှိနိုင်သလို ကာမာဗင်ဂါကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က အဓိကထား ကြိုးပမ်းသွားဖို့ ရှိနေတာကြောင့် ကာမာဗင်ဂါကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလာတဲ့ ဘာစီလိုနာအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ခပ်မြန်မြန် လှုပ်ရှားမှသာ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းကို ပိုင်ဆိုင်ရမှာလဲ ဖြစ်ပါတယ်။