MySport Myanmar

မန်ယူကို ပြောင်းရွှေ့သွားတဲ့ မာတီနက်ဇ်နေရာမှာ ဘတ်ဆေးနဲ့ အစားထိုးလိုက်တဲ့ အိုင်းယတ်စ်

နယ်သာလန် အမှတ်ပေးချန်ပီယံ အိုင်းယတ်စ်အသင်းဟာ သူတို့အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နေရာမှာ အစားထိုးသွားဖို့အတွက် နိုင်ဂျီးရီးယား နောက်ခံကစားသမားလေး ကယ်လ်ဗင်ဘတ်ဆေးကို စကော့ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းကနေ ခေါ်ယူသွားဖို့ အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : The Telegraph

အိုင်းယတ်စ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သူ အာဂျင်တီးနား နောက်ခံကစားသမား မာတီနက်ဇ်ကို ယူနိုက်တက်အသင်းဆီ ရောင်းချလိုက်ရပြီ ဖြစ်တာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် ကစားသမားသစ်တစ်ဦးကို ပြန်လည်ခေါ်ယူဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိုင်းယတ်စ်အသင်းဟာ စကော့တလန် ထိပ်တန်းအသင်း ရိန်းဂျားစ်ရဲ့ နိုင်ဂျီးရီးယား နောက်ခံလူ ဘတ်ဆေးကို ခေါ်ယူပြီး မာတီနက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် full agreement ရရှိသွားခဲ့ပြီလို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၂)နှစ်အရွယ်ရှိ နိုင်ဂျီးရီးယား လက်ရွေးစင် နောက်ခံလူ ဘတ်ဆေးဟာ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းရဲ့ လူငယ်အကယ်ဒမီမှာ (၅)နှစ်နီးပါး ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၀ခုနှစ်မှာပဲ ရိန်းဂျားစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ရိန်းဂျားစ်အတွက် ကစားခွင့် အနည်းငယ်လေးသာ ရရှိခဲ့တဲ့ ဘတ်ဆေးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ပြိုင်ပွဲစုံ ပွဲပေါင်း(၅၀)အထိကို ကစားခွင့် ရရှိခဲ့ပြီး ဖရန့်ဖတ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာလည်း ရိန်းဂျားစ်အတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ ဘယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဘတ်ဆေးဟာ ရိန်းဂျားစ်အသင်းမှာ ဘယ်ခြမ်းခံစစ်ရော ဗဟိုခံစစ်နေရာမှာပါ လိုက်ပါကစားတတ်သူဖြစ်လို့ သူ့ကို ခေါ်ယူနိုင်ခဲ့တဲ့ အိုင်းယတ်စ်အသင်းအတွက်ကတော့ အကျိုးရှိတဲ့ ခေါ်ယူမှုမျိုး ဖြစ်လာစေမှာ သေချာပါတယ်။ ကစားသမားဟောင်း မာတီနက်ဇ်လို CB ရော LB ပါ ဆော့ကစားတတ်တဲ့ ဘတ်ဆေးအတွက် ပြောင်းရွှေ့ကြေးကို အပိုဆုကြေး အပါအဝင် ယူရို(၂၇)သန်းအထိ ပေးချေသွားမှာဖြစ်ပြီး ဒီပမာဏဟာ အိုင်းယတ်စ်အသင်း သမိုင်းတစ်လျှောက်မှာ နောက်ခံလူတစ်ဦးအတွက် အများဆုံး အသုံးပြုတဲ့ ပြောင်းရွှေ့ကြေးပမာဏအဖြစ် စံချိန်တင်သွားတော့မှာလည်းဖြစ်ပြီး ဘတ်ဆေးကိုလည်း ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုသွားဖွယ် ရှိနေပါတယ်။

Exit mobile version