မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်က ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေရာသီစျေးကွက်အတွင်းမှာ အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ဒိုမီနစ်ကယ်လ်ဗတ်လူဝင်ကို အရခေါ်ယူသွားသင့်ပြီး တကယ်လို့ သူ့ကိုသာ ခေါ်ယူအားဖြည့်နိုင်လိုက်မယ်ဆိုရင် ဒါဟာ အသင်းအတွက် အကောင်းဆုံးသော ကစားသမားခေါ်ယူမှုတစ်ခုပါ ဖြစ်လာနိုင်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Liverpool Echo

ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ဟာရီကိန်း ဟာလန်းတို့လို တိုက်စစ်မှူးတွေ ပစ်မှတ်ထားလျက်ရှိနေရာ အဲ့ဒီကစားသမားတွေထက် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းခြေတွေ့နေတဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ကယ်လ်ဗတ်လူဝင်ကိုသာ ဦးစားပေးကမ်းလှမ်းသင့်တယ်လို့ ဖာဒီနန်က အကြံပြုပြောဆိုသွားခဲ့ပါတယ်။ ဖာဒီနန်က “နားထောင်ပါ။ ဒိုမိနစ်ကယ်လ်လူဝင်ကတော့ ကျွန်တော်အနှစ်သက်ဆုံးပါပဲ။ ကျွန်တော် ဒီနှစ်ရာသီမှာ အဲဗာတန်အသင်းရဲ့ ပွဲစဉ်တော်တော်များများကို ကြည့်ခဲ့ဖူးပါတယ်”

Photo Credit : Metro

“သူက ပြိုင်ဖက်နောက်ခံလူတွေကို ယုံကြည်မှုလျော့ပါးသွားအောင် လုပ်ဆောင်တတ်တဲ့ တိုက်စစ်မှူးမျိုးပါ။ သူက သင့်အနေနဲ့ အပတ်စဉ်တိုင်း ပြိုင်ဘက်တွေအဖြစ် မဆုံတွေ့စေလိုတဲ့ ကစားသမားမျိုးပါ။ ဒီနှစ်အစပိုင်းမှာလည်း ကျွန်တော် အန်စလော့တီနဲ့ စကားပြောဖြစ်တော့ သူက လူဝင်ဟာ ဖီလစ်ပီအင်ဇာဂီလို ပုံစံမျိုးနဲ့ ဆင်တူပြီး ဂိုးတွေများစွာ သွင်းယူနိုင်ဖို့အတွက် သူ့ဆီကို အခွင့်အရေးတွေ အများကြီးဖန်တီးပေးစရာမလိုပဲ (၆)ကိုက်စည်းထဲမှာ သွင်းဂိုးတွေ တပုံတပင် သွင်းယူနိုင်တတ်လို့ ပြောဆိုခဲ့ပါတယ်။ သူက ဒီရာသီမှာ တော်တော်လေးကို ခြေပေါ်ခဲ့ပါတယ်။ (၆)ကိုက်စည်းထဲမှာ ဂိုးတွေအများကြီး သွင်းယူခဲ့လို့ အင်္ဂလန်လက်ရွေးစင်အသင်းကတောင် သူ့ကို ရွေးချယ်ခဲ့ရပါသေးတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူ့ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဒါဟာ အသင်းအတွက် အကောင်းဆုံးသော ကစားသမားခေါ်ယူမှုတစ်ခု ဖြစ်လာမှာပါ။ သူသာ အသင်းကို ရောက်လာခဲ့ရင် ပေါ့ဘာ ဖာနန်ဒက်စ် ရပ်ရှ်ဖိုဒ့် ဂရင်းဝုဒ်တို့ရဲ့ ဖန်တီးပေးမှုတွေအားလုံးကို သွင်းဂိုးတွေအဖြစ် အဆုံးသတ်ပေးနိုင်မှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွှယ်ရှိ လူဝင်ဟာ ဒီရာသီမှာ အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၄)ဂိုးအထိ သွင်းယူထားခဲ့ပြီး ယူနိုက်တက်ကို ဧည့်ခံတွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာလည်း သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။