အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ချာဟာနိုဂလူးက သူဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဗဟိုကွင်းလယ်လူ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၃၀အရွယ် တူရကီလက်ရွေးစင် ကွင်းလယ်လူ ချာဟာနိုဂလူးက ၂၀၂၁ခုနှစ်မှာ အေစီမီလန် ကနေ အင်တာမီလန်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက အင်တာမီလန်ဆီ ရောက်ရှိပြီးနောက် စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူ ၅ဦး စာရင်းထဲမှာ ပါဝင်တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Samper Milan

ချာဟာနိုဂလူးဟာ အေစီမီလန်မှာ ကစားခဲ့စဉ်က ကွင်းလယ်တိုက်စစ် နေရာမှာသာ အဓိက ကစားခဲ့ပေမယ့် အင်တာမီလန်ဆီ ရောက်ရှိပြီးနောက် ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နှစ်နေရာစလုံးမှာ ကစားခဲ့ရပြီး ယခုနောက်ပိုင်းမှာ ချာဟာနိုဂလူးက ဗဟိုကွင်းလယ်လူ အဖြစ်သာ အများဆုံး ကစားနေရပါတယ်။

ချာဟာနိုဂလူးက ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန် အတွက် ပြိုင်ပွဲစုံမှာ ၃၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူပေးထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် အထိ ရရှိထားပြီး သူ့ရဲ့ အင်တာမီလန်က စီးရီးအေပြိုင်ပွဲရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အခြေအနေ ကောင်းနေပါတယ်။

Photo Credit: Twitter

ဒါကြောင့်ပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချာဟာနိုဂလူးက သူဟာ ချယ်လ်ဆီးကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် ၊ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကင်းမစ်ချ် ၊ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရူးစ်နဲ့ မန်ချက်စတာ စီးတီး ကွင်းလယ်လူ ရိုဒရီတို့ထက် ပိုကောင်းတဲ့ ဗဟိုကွင်းလယ်လူပါလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ချာဟာနိုဂလူးက – “လက်ရှိ အကောင်းဆုံး ဗဟိုကွင်းလယ်လူစာရင်းရဲ့ နံပါတ်(၅)နေရာမှာ အန်ဇို ဖာနန်ဒက်ဇ် ရှိပါတယ်။ နံပါတ်(၄)က ကင်းမစ်ချ်ပါ။ နံပါတ်(၃)ကတော့ တိုနီခရူးပါ။ ပြီးရင် ရိုဒရီက ဒုတိယနေရာမှာ ရှိနေပါလိမ့်မယ်။ ကျွန်တော်ကတော့ အကောင်းဆုံး ဗဟိုကွင်းလယ်လူပါ။ ဘာကြောင့် ကျွန်တော်က ကမ္ဘာ့အကောင်းဆုံး ဗဟိုကွင်းလယ်လူ ဖြစ်နေတာလဲ။ ဘာကြောင့်လဲဆိုတော့ တခြား ဗဟိုကွင်းလယ်လူတွေက ဂိုးတွေ မသွင်းတဲ့ အချိန်မှာ ကျွန်တော်က ဂိုးတွေ သွင်းနိုင်လို့ပါ။ ကျွန်တော်က တခါမှ ဂိုးပေါက်နဲ့ အနီးဆုံးနေရာတွေ ကနေ ဂိုးတွေ မသွင်းဖူးပါဘူး။ ကျွန်တော်က ၂၅မီတာ (ဒါမှမဟုတ်) ၃၀မီတာလောက် အကွာကနေပဲ ဂိုးသွင်းပါတယ်။ တခါတလေ တည်ကန်ဘောတွေ ကနေ သွင်းပါတယ်။ အဝေးကန်ချက်တွေနဲ့ ဂိုးသွင်းနိုင်ဖို့ ဆိုတာ အရမ်းကို ခက်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။