အီတလီ စီးရီးအေ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အေစီမီလန် အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကတ်ဟာနိုဂလူးရဲ့ အေးဂျင့်ဖြစ်သူ စတီပစ်ဟာ သူ့ရဲ့ ကစားသမား ဖြစ်သူ ကတ်ဟာနိုဂလူး ကို ခေါ်ယူနိုင်ကြောင်း ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းထံ ကမ်းလှမ်းမှု ပြုလုပ် ထားကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၆နှစ် အရွယ် တူရကီ ကွင်းလယ် တိုက်စစ် ကစားသမား ကတ်ဟာနိုဂလူးဟာ လေဗာကူဆင်အသင်း ကနေ အေစီမီလန် အသင်းထံ ပြောင်းရွှေ့လာအပြီးမှာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ပေမယ့် လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လအကုန်မှာ အသင်းနဲ့ စာချုပ် ကုန်ဆုံးတော့မယ့် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Tutto Sports

လက်ရှိမှာ အေစီမီလန် အသင်းဟာ ကတ်ဟာနိုဂလူးကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေကြောင်း အတည်ပြု ထားပေမယ့် ကတ်ဟာနိုဂလူးရဲ့ အေးဂျင့်ဖြစ်သူ စတီပစ်ရဲ့ ပြောကြားချက် ကတော့ အေစီမီလန် အသင်းက ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းမှုဟာ အလွန်ကို နည်းပါးနေပြီး သူတို့တောင်းဆိုတဲ့‌ တောင်းဆိုမှုကိုသာ မပေးပါက ကတ်ဟာနိုဂလူးဟာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာ သွားမှာဖြစ်ကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ အေစီမီလန် အသင်းဟာ ကတ်ဟာနိုဂလူးကို တစ်နှစ်လုပ်ခ ယူရို ၃သန်းနဲ့ ၄သန်းကြား ပမာဏနဲ့သာ ကမ်းလှမ်းထားကြောင်း သိရပြီး ကတ်ဟာနိုဂလူး ကတော့ တစ်နှစ်လုပ်ခ ယူရို ၇သန်းအထိ အလိုရှိနေပါတယ်။

Photo Credit: Tutto Sports

အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Tutto Sports သတင်းဌာနရဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကတ်ဟာနိုဂလူးရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သတ်ပြီး စတီပစ်က အခုလိုပဲ ပြောကြား သွားပါတယ်။ စတီပစ်က “ ကျွန်တော့် ကစားသမားကို ဒီမှာ ဆက်ရှိနေစေချင်လား…။ ဒါဆိုရင် ရှင်းပါတယ်။ ကျွန်တော်တို့ တောင်းတဲ့ ယူရို၇သန်း ပမာဏကို ပေးလိုက်ပါ။ မဟုတ်ရင်တော့ ကျွန်တော်တို့ က အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်သွားမှာပါ” ဆိုပြီး ပြောကြား သွားတာပါ။ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ မန်ယူအသင်းဟာ စတီပစ်နဲ့ ဖုန်းဆက်သွယ်မှုတွေ ရှိနေပြီး စတီပစ်ဟာ ကတ်ဟာနိုဂလူးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်ပါက ခေါ်ယူနိုင်တဲ့ အကြောင်းကို ပြောဆို ထားတယ် လို့ သိရပါတယ်။