ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ကိုင်စီဒိုကတော့ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်မှာ ကစားခွင့် ရဖို့ဟာ သူ့ရဲ့ အိမ်မက် ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုက ယခုနှစ် ဘောလုံးရာသီမှာ ဘရိုက်တန်နဲ့အတူ သူမတူတဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး သူက ဘရိုက်တန်အတွက် ပြိုင်ပွဲစုံမှာ ၃၃ပွဲ အထိ ပါဝင် ကစားခွင့် ရထားကာ အယ်လစ္စတာ ၊ ဂရော့စ်တို့နဲ့ ပူးပေါင်းကာ ကွင်းလယ်ကို ထိန်းကျောင်းပြနေသူပါ။

Photo Credit: Football Espana

ကိုင်စီဒိုက ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်တာကြောင့် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ များများစားစား မရထားပေမယ့် သူ့ရဲ့ ဘောလုံးပေးပို့မှု ၊ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို တားဆီးမှု ၊ ဘောလုံးနဲ့အတူ ရှေ့ကို ဆွဲပြေးမှု စတဲ့ အရည်အသွေးတွေက ထိပ်တန်းအဆင့် တရပ်မှာ ရှိပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်က ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ ကိုင်စီဒိုကို ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ကာ ဘရိုက်တန်ကတော့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုဟာ ကိုင်စီဒိုရဲ့ ခြေတဖက်စာ တန်ကြေးပဲ ရှိတယ်လို့ ပြောပြီး ကမ်းလှမ်းမှုကို ချက်ချင်းပဲ ပယ်ချခဲ့ပါတယ်။

Photo Credit: Marca

ဒါပေမယ့် အာဆင်နယ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ကိုင်စီဒိုကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားဦးမှာ ဖြစ်သလို အာဆင်နယ်ရဲ့ အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကလည်း သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ကိုင်စီဒိုကို ထည့်သွင်းထားပါသေးတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့် နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကိုင်စီဒိုက သူ့ရဲ့ အိမ်မက်အသင်းဟာ ရီးရဲလ်မက်ဒရစ် ဖြစ်ကြောင်း ဆိုလာပါတယ်။ ကိုင်စီဒိုက – “ကျွန်တော်က ရီးရဲလ်မက်ဒရစ် အတွက် ကစားပေးချင်ပါတယ်။ ရီးရဲလ်မက်ဒရစ် အတွက် ကစားခွင့် ရဖို့ဟာ ကျွန်တော့်ရဲ့ အိမ်မက်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။