MySport Myanmar

ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ချင်ကြောင်း လီဗာပူးကို အသိပေးလိုက်တဲ့ ကိုင်စီဒို

ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ ကိုင်စီဒိုက ယနေ့မနက်ပိုင်းမှာ လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် သူဟာ ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ဖို့ စဉ်းစားထားကြောင်း လီဗာပူးကို ပြန်လည် အသိပေးခဲ့တယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ လီဗာပူးတို့က ကွင်းလယ်ခံစစ် ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်ထားကြတဲ့ အသင်းတွေ ဖြစ်ပြီး ၂သင်းစလုံးရဲ့ အဓိကပစ်မှတ်ဟာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီးက ကိုင်စီဒိုကို ခေါ်ယူဖို့ ယခု နွေဈေးကွက် စချိန်ကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ဘရိုက်တန်ရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

လီဗာပူးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာမှ ကိုင်စီဒိုကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာခဲ့တာ ဖြစ်ပြီး လီဗာပူးက ယနေ့မနက်ပိုင်းမှာတင် ကိုင်စီဒိုအတွက် ပေါင် ၁၁၁သန်းတန် ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ကာ ဘရိုက်တန်က လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံခဲ့ပါတယ်။

Photo Credit: Football Transfer

လီဗာပူးနဲ့ ဘရိုက်တန်တို့က ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရခဲ့ပေမယ့် လီဗာပူးဟာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ကိုင်စီဒိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရဖို့ လိုအပ်နေပါသေးတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက ဒီနေ့တနေ့လုံး ကိုင်စီဒိုရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူဖို့ ကြိုးစားခဲ့ပေမယ့် ကိုင်စီဒိုက လီဗာပူးဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပြီး သူဟာ ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ဖို့ စဉ်းစားထားကြောင်း ပြန်ပြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ စတိန်းဘက်ချ်ကလည်း ချယ်လ်ဆီးဟာ ကိုင်စီဒိုအတွက် ကမ်းလှမ်းမှု တကြိမ် ထပ်မံ လုပ်ဆောင်ဦးမှာ ဖြစ်ပြီး ချယ်လ်ဆီးက ကိုင်စီဒိုအတွက် ပေါင် ၁၁၅သန်းတန် ကမ်းလှမ်းမှု တရပ် ပေးပို့မယ်လို့ ဆိုထားပါတယ်။

Exit mobile version