ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ မွိုက်စ် ကိုင်စီဒိုက ချယ်လ်ဆီးမှာ ကစားခွင့် ရဖို့ဟာ သူ့ရဲ့ ငယ်ဘဝ အိမ်မက်တွေထဲက တခု ဖြစ်တာကြောင့် ချယ်လ်ဆီးမှာ ပျော်ရွှင်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကိုင်စီဒိုက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဘရိုက်တန်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့အတွက် ဘရိုက်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၆သန်း အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Goal

ကိုင်စီဒိုက ချယ်လ်ဆီးထံ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာတာကြောင့် အသင်းပရိသတ်တွေက သူ့ကို အသင်းအား ဆွဲတင်ပေးနိုင်မယ့် ကစားသမား အဖြစ် ရှုမြင်ခဲ့ကြပေမယ့် ကိုင်စီဒိုက ချယ်လ်ဆီးမှာ အသားမကျသေးတာကြောင့် ပုံမှန်ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ကိုင်စီဒိုက ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး တဂိုးမှ မသွင်းယူနိုင်သေးသလို ဂိုးဖန်တီးမှုလည်း မလုပ်နိုင်သေးပဲ သူ့ရဲ့ ခြေစွမ်းကျဆင်းနေမှုကြောင့် ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ သူ့ကို ခေါ်ယူဖို့ ကြိုးစားဖူးတဲ့ လီဗာပူးရဲ့ နည်းပြချုပ် ယာဂင် ကလော့ပ်ကတောင် “ကျွန်တော်တို့အသင်းဆီ မလာချင်တဲ့ ကစားသမားတွေကို မခေါ်ခဲ့မိလို့ ကံကောင်းသွားတယ်” ဆိုပြီး ပြောကာ သူ့ကို လှောင်ခဲ့ပါသေးတယ်။

Photo Credit: Goal

ချယ်လ်ဆီးမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမယ့် ကိုင်စီဒိုကတော့ ချယ်လ်ဆီးမှာ ကစားခွင့် ရတဲ့ အတွက် ပျော်ရွှင်နေသလို သူဟာ ငယ်စဉ်ကတည်းက ချယ်လ်ဆီးမှာ ကစားခွင့် ရဖို့ အိမ်မက် မက်ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကိုင်စီဒိုက – “ချယ်လ်ဆီးက ကျွန်တော့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းကို ကြားလိုက်တဲ့ အချိန်မှာ အတော်လေး ပျော်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချယ်လ်ဆီးမှာ ကစားခွင့် ရဖို့က ကျွန်တော့်ရဲ့ ငယ်ဘဝ အိမ်မက်တွေထဲက တခု ဖြစ်နေတာကြောင့်ပါ။ ချယ်လ်ဆီးက ကျွန်တော့်ကို စိတ်ဝင်စားခဲ့သလို အမှန်တကယ် ခေါ်ယူချင်ခဲ့တာကြောင့် ကျွန်တော်ကလည်း ချယ်လ်ဆီးဆီ ပြောင်းလာချင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က ချယ်လ်ဆီးဆီ ပြောင်းဖို့ ခပ်မြန်မြန် သဘောတူခဲ့တာပါ။ နည်းပြကြီး ပိုချက်တီနိုကလည်း လက်တင်ဘာသာစကားကို ပြောတတ်တာကြောင့် ကျွန်တော်နဲ့ သူ့ရဲ့ ကြားမှာ ဆက်သွယ်ရတာ အတော်လေး အဆင်ပြေပါတယ်။ ကျွန်တော်တို့ကြားမှာ အရမ်းကောင်းတဲ့ ဆက်ဆံရေး တခုလည်း ရှိပါတယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။