ချယ်လ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စ်ကာက သူ့အသင်းက ကွင်းလယ်ကစားသမား မွိုက်စ် ကိုင်စီဒိုဟာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီနဲ့ အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့လို ကောင်းမွန်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတယ်လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုဟာ ၂၀၂၃ကမှ ဘရိုက်တန်ကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပထမဆုံး ရာသီမှာ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိ ဘောလုံးရာသီ နည်းပြသစ် မာရက်စ်ကာ လက်ထက်မှာတော့ ကိုင်စီဒိုက ချယ်လ်ဆီးအတွက် ခြေစွမ်းပြသလာနိုင်ခဲ့ပါတယ်။

Photo Credit : Talk Chelsea

ဒီရာသီထဲ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၆)ပွဲထိ ကစားထားခဲ့ရတဲ့ ကိုင်စီဒိုဟာ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ချယ်လ်ဆီးကစားသမားဘဝ ပထမဦးဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပွဲတချို့မှာပါ အသင်းခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ခဲ့ရပါသေးတယ်။

ကိုင်စီဒိုက ဒီရာသီထဲ ချယ်လ်ဆီးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ အဓိကနေရာကနေ ပါဝင်ကစားထားခဲ့ရပြီး အခုလည်း သူ့ကို နည်းပြ မာရက်စ်ကာက ချီးကျူးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ “မွိုက်စ် ကိုင်စီဒိုက အခုဆိုရင် ရိုဒရီနဲ့ ဒက်ကလန်ရိုက်စ်တိုု့လို ကစားသမားကြီးတွေရဲ့ အဆင့်မျိုးကို သေချာပေါက် ရောက်နေပါပြီ။”

Photo Credit : Goal

“ဒါက သံသယ မရှိပါဘူး။ ကံမကောင်းစွာနဲ့ ရိုဒရီကတော့ ဒဏ်ရာရနေပြီးတော့ ဒက်ကလန်ကတော့ ကစားနေရပါတယ်။ ဒါပေမယ့် မွိုက်စ်က ဒီလို ကွင်းလယ်ကစားသမားတွေနဲ့အတူ အဆင့်ချင်း တူညီတယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးကတော့ ကိုင်စီဒိုအတွက် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၁၁၅)သန်းနဲ့ ဘရိုက်တန်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ကိုင်စီဒိုက ချယ်လ်ဆီးရဲ့ ကွင်းလယ်မှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်လို့နေရသလို စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ ထိပ်တိုက် တွေ့ဆုံကြမယ့် လန်ဒန်ဒါဘီပွဲမှာလည်း ချယ်လ်ဆီးအတွက် ပါဝင်ကစားရဖွယ် ရှိနေပါတယ်။