ဘရာဇီးလ် ဂန္တဝင် ညာနောက်ခံလူ ကာဖူး ကတော့ ဘရာဇီးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး နေမာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ထက် နည်းစနစ်ပိုင်းဆိုင်ရာမှာ ပိုမို ကောင်းမွန်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

မက်ဆီ ၊ နေမာနဲ့ ရိုနယ်ဒိုတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ဦး အဖြစ် ဘောလုံးပရိသတ် အများစုရဲ့ သတ်မှတ်ခြင်းကို ခံထားရသူတွေ ဖြစ်ပြီး ကစားသမား သုံးဦးစလုံးဟာ သက်ဆိုင်ရာ နိုင်ငံအသင်းတွေရဲ့ မရှိမဖြစ် တိုက်စစ်မှူးတွေလည်း ဖြစ်ကြပါတယ်။

Photo Credit: Goal

ဒါပေမယ့် မက်ဆီနဲ့ ရိုနယ်ဒိုတို့ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုတွေကို အကြိမ်ကြိမ် ရရှိထားကြပြီး နေမာကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို တကြိမ်မှ မရရှိသေးတာကြောင့် သူတို့သုံးဦးအကြောင်း ပြောကြတိုင်း နေမာက စကားဝိုင်းတွေရဲ့ အပြင်ဘက်ကို ရောက်ရှိသွားတတ်ပါတယ်။

ဘရာဇီးလ် ဂန္တဝင် ညာနောက်ခံလူ တဦး ဖြစ်သလို သူ့ခေတ် သူ့အခါမှာ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဂန္တဝင် ကစားသမားကြီး ကာဖူးကတော့ နေမာက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို တကြိမ်မှ မရဖူးသေးပေမယ့် နည်းစနစ်ပိုင်းဆိုင်ရာမှာတော့ နေမာဟာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ထက် ပိုမို ကောင်းမွန်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ကာဖူးက – “နည်းစနစ်ပိုင်းမှာတော့ နေမာက မက်ဆီနဲ့ ရိုနယ်ဒိုတို့ထက် ပိုသာပါတယ်။ ဒါပေမယ့် သူက ခေါင်းဆောင် တယောက်ရဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှု ဆိုတာကိုတော့ သိနားလည်ဖို့ လိုအပ်ပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တယောက် ဖြစ်ဖို့ ဆိုရင် ကိုယ့်ရဲ့အလုပ်မှာ ၁၀၀ရာခိုင်နှုန်း အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်က နေမာထက် ပိုကောင်းတဲ့ ဘောလုံးသမား မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်ရဲ့ခေတ်မှာ တခြား ညာနောက်ခံလူတွေ အားလုံးထက် ပိုကောင်းတဲ့ ကစားသမားပါ။ ဒါကလည်း ကျွန်တော့်ရဲ့ အလုပ်အပေါ် ၁၀၀ရာခိုင်နှုန်း အာရုံစိုက်ခဲ့လို့ ဖြစ်ပါတယ်။ နေမာက အသင်းခေါင်းဆောင်ကောင်း တယောက် ဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။