ဘရာဇီးလ် ဂန္တဝင် ကစားသမားတွေ ဖြစ်ကြတဲ့ ကာဖူးနဲ့ ရော်ဘတ်တို ကားလို့စ်တို့ နှစ်ဦးကတော့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေက ဆာလာ ၊ ဆွန်ဟောင်မင်နဲ့ ဟာလန်းတို့ ဖြစ်ကြပြီး ဆွန်ဟောင်မင်က ဟာလန်းထက် ပိုကောင်းကြောင်း ပြိုင်တူ ချီးကျူးသွားခဲ့ကြပါတယ်။

ကာဖူးနဲ့ ရော်ဘတ်တို ကားလို့စ်တို့ဟာ တခေတ် တခါက ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူနဲ့ ဘယ်နောက်ခံလူတွေ အဖြစ် သတ်မှတ်ခံခဲ့ရသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးက အခုချိန်အထိ ခံစစ်အစွန်လူတွေ အပေါ် လွှမ်းမိုးမှု အပြည့် ရှိနေဆဲပါ။

Photo Credit: The Sun

တဖက်မှာတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရတဲ့ အာလင်း ဟာလန်းက ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာတာကြောင့် ရိုနယ်ဒို ၊ ဆာလာ ၊ ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင်တို့လို ထိပ်တန်း တိုက်စစ်မှူးတွေ ရှိနေတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ဟာလန်းက အကောင်းဆုံး တိုက်စစ်မှူး ဖြစ်လာမလား ဆိုတဲ့ မေးခွန်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဒါကြောင့်ပဲ ကာဖူးနဲ့ ကားလို့စ်တို့ နှစ်ယောက်စလုံး တက်ရောက်ခဲ့တဲ့ UMM သတင်းဌာနရဲ့ အင်တာဗျူးပွဲမှာ သတင်းထောက်တွေက ကာဖူးနဲ့ ကားလို့စ်တို့ကို လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေက ဘယ်သူတွေလဲ ဆိုတာ မေးခွန်းထုတ်ခဲ့ကြပြီး ကာဖူးနဲ့ ကားလို့စ်တို့ နှစ်ယောက်စလုံးက လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာကို အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခဲ့ကြသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆာလာနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ပူးတွဲ ရယူနိုင်ခဲ့တဲ့ တောင်ကိုရီးယား ကြယ်ပွင့် တိုက်စစ်မှူး ဆွန်ဟောင်မင်က ဒုတိယအကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကာ ဟာလန်းကတော့ တတိယ အကောင်းဆုံး တိုက်စစ်မှူးသာ ဖြစ်ကြောင်း ဆိုခဲ့ကြပါတယ်။

 

Photo Credit: The Sun

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးက ဘယ်သူလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ကာဖူးက – “ကျွန်တော့်အတွက်က မိုဟာမက် ဆာလာ ၊ ဆွန်ဟောင်မင်နဲ့ ဟာလန်းတို့ပါ။ ဟာလန်းကတော့ တတိယပေါ့ဗျာ” လို့ ဖြေကြားခဲ့သလို ကားလို့စ်ကလည်း – “ဆာလာက နံပါတ်၁ ၊ ဆွန်ဟောင်မင်က နံပါတ်၂ ၊ ဟာလန်းက နံပါတ်၃ပါ” လို့ ထပ်ဆင့် ထောက်ခံသွားခဲ့တာပါ။