ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တစ်ဦးဖြစ်တဲ့ ကာဖူးကတော့ လီဗာပူးအသင်းရဲ့ အဓိက ညာနောက်ခံလူ တစ်ဦး ဖြစ်တဲ့ အလက်ဇန်းဒါး အာနိုးလ်ဟာ တစ်ချိန် မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်မယ့်သူလို့ ချီးကျူးပြောဆိုသွားပါတယ်။ အသက် ၂၁နှစ်အရွယ်သာ ရှိသေးတဲ့ အာနိုးလ် ဟာ လက်ရှိ ဘောလုံးလောကရဲ့ အတောက်ပဆုံး လူငယ် နောက်ခံလူ တစ်ဦးအဖြစ် ဘောလုံးသုံးသပ်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး လူငယ် နောက်ခံလူ ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားတဲ့ ကစားသမား တစ်ဦးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အာနိုးလ်ဟာ ညာအစွန်နောက်ခံလူတစ်ဦး ဆိုပေမယ့် သူ့ရဲ့ တိုက်စစ်လိုက်ပါမှုစွမ်းရည် ၊ တိကျတဲ့ ဖြတ်တင်ဘောပေးပို့မှုတွေ စတဲ့ အရည်အချင်းတွေကြောင့် ထင်ပေါ်ကျော်ကြားသူ တစ်ဦးဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၄၀တိတိ ကစားပေးထားသူ ဖြစ်ပြီး ၂ဂိုး သွင်းယူပေးထားကာ ၁၄ဂိုးအထိ ဖန်တီးပေးထားနိုင်သူပါ။ ကာဖူးကတော့ အာနိုးလ်ဟာ ဘရာဇီးလ် ကစားသမားတွေရဲ့ ကစားပုံကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပြီး အာနိုးလ် ဟာ လက်ရ​ှိ ခြေစွမ်းကိုသာ ထိန်းသိမ်းနိုင်မယ် ဆိုရင် တစ်နေ့နေ့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိနိုင်မယ့်သူ ဖြစ်တယ်လို့ ချီးမွမ်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro

 

အာနိုးလ်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး ကာဖူးက ” အာနိုးလ်ဟာ အရမ်းကို ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ။ ပြီးတော့ သူ့ရဲ့ ပါရမီက အရမ်း ကို ရှားပါးပါတယ်။ သူသာ တကယ်လို့ လက်ရှိ သူ့ရဲ့ ခြေစွမ်းကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် တစ်နေ့နေ့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိဖို့အတွက် အလားအလာ ရှိပါတယ်။ သူ့ရဲ့ နည်းစနစ်ပိုင်းကတော့ တော်တော်လေးကို ကောင်းမွန်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ကစားသမားတစ်ဦးလို့ ဆိုရမှာပါ။ သူဟာ ဘရာဇီိးလ် ကစားပုံကို ရရှိထားတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ ကျွန်တော်က သူ့ရဲ့ ကစားပုံကို ကြည့်နေရတာ အရမ်းကို သဘောကျပါတယ်။ ပြီးတော့ လက်ရှိ သူ ကစားနေတဲ့ အသင်းဟာ သူ့ရဲ့ တိုးတက်မှုကို အများကြီး ကူညီပေးနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ် ” လို့ ချီးကျူးပြောဆို သွားခဲ့ပါတယ်။