စပိန်လာလီဂါပြိုင်ပွဲရဲ့ သမိုင်းတလျှောက် ဒီပြိုင်ပွဲကြီးရဲ့ အင်အားအကြီးမားဆုံး ကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်း နှစ်သင်းလုံးကို အနိုင်ရအောင် ကစားနိုင်ခဲ့တဲ့ တန်းတတ်အသင်းက တစ်သင်းမှကို မရှိခဲ့ဖူးသေးပါဘူး။ ဒါပေမယ့် ဒီလို တစ်ခါမှ မရှိဖူးသေးတဲ့ စံချိန်တစ်ခုကို စတင်ရေးထိုးနိုင်လိုက်တဲ့ တန်းတတ်အသင်းတစ်သင်းကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ဒီအသင်းကတော့ ကာဒစ်ဇ်အသင်းပဲဖြစ်ပါတယ်။

Photo Credit : Getty Image

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆီဂန်ဒါပြိုင်ပွဲမှာ အဆင့်(၂)နေရာကို ရယူနိုင်ခဲ့လို့ လာလီဂါဆီ ပြန်လည်တန်းတတ်ခွင့်ကို ပိုင်ဆိုင်ခဲ့တဲ့ ကာဒစ်ဇ်အသင်းဟာ လာလီဂါရဲ့လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အပြင် နောက်ထပ်အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရာမှာလည်း (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး လာလီဂါမှာ ဒီနှစ်သင်းလုံးကို ပထမဆုံး အနိုင်ယူခဲ့တဲ့ တန်းတတ်အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

Photo Credit : Getty Image

ဒါတွေတင်မကသေးကဲ ကာဒစ်ဇ်အသင်းဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကို ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပါ အနိုင်ရလဒ်နဲ့ ဦးဆောင်ထားခဲ့တဲ့ ပထမဆုံးသော တန်းတတ်အသင်းအဖြစ်နဲ့ပါ မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ ဒါဟာ (၁၄)နှစ်အကြာမှ လာလီဂါဆီကို ပြန်လည်တန်းတတ်ခွင့်ရခဲ့တဲ့ ကာဒစ်ဇ်လို အသင်းမျိုးအတွက်တော့ တကယ့်ကို ချိုမြိန်စေရတဲ့ မှတ်တမ်းကောင်းတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ နောက်ပြီး ကာဒစ်ဇ်အသင်းဟာ ဘာစီလိုနာအသင်းကို အနိုင်မယူနိုင်ခဲ့တာဆိုရင် ၁၉၉၁ခုနှစ် နောက်ပိုင်းကတည်းကဖြစ်ပြီးတော့ အခုမှ ပြန်အနိုင်ယူနိုင်ခဲ့တာကလည်း ကာဒစ်ဇ်အတွက် အမှတ်တရ ဖြစ်စေခဲ့ရပါတယ်။ အခုဆိုရင် ကာဒစ်ဇ်ဟာ လာလီဂါမှာ (၁၂)ပွဲထိကို ပါဝင်ကစားထားခဲ့ပြီးနောက် (၅)ပွဲနိုင်(၃)ပွဲသရေ(၄)ပွဲရှံး စုစုပေါင်းရမှတ်(၁၈)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာထိကိုပါ ရောက်ရှိလို့နေပါတယ်။ ဘာစီလိုနာ ဆီဗီလာတို့လို ထိပ်သီးအသင်းတွေရဲ့ အထက်မှာ ရပ်တည်လို့နေတဲ့ ကာဒစ်ဇ်အနေနဲ့ ဒီနှစ်ဘောလုံးရာသီကုန်ချိန်မှာရော ဘယ်အဆင့်လောက်နဲ့ ရာသီသိမ်းပြီး ဘောလုံးပရိသတ်တွေအတွက် အံ့အားသင့်စရာတွေဖြစ်အောင် လုပ်ပြသွားမလဲဆိုတာကိုတော့ ကျွန်တော်တို့အားလုံး စောင့်ကြည့်သွားရပါလိမ့်မယ်။