ဥရောပထိပ်သီးလိဂ် ငါးခုထဲက တစ်ခုဖြစ်တဲ့ ဂျာမဏီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲကတော့ တရုတ် နိုင်ငံကနေ စတင်ပျံ့နှံ့ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ယခုနှစ်ဘောလုံးရာသီ ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ပယ်ဖျက်ဖို့ အတွက် ဆွေးနွေးတိုင်ပင်နေကြပြီလို့ ဂျာမန် အခြေစိုက် သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာအဖြစ် သတ်မှတ်ခံထားရတဲ့ ကိုရိုနာ ရောဂါဟာ လက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံ အတော်များများကို ကူးစက်နေပြီး ကမ္ဘာပေ​ါ်မှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခြင်းမခံရတဲ့ နိုင်ငံဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ၈၀ သာ ကျန်ရှိပါတော့တယ်။

Photo Credit: Standard.com

ဂျာမဏီနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်ကို စတင် ရှာဖွေတွေ့ရှိတာဟာ ရက်သတ္တပတ် အနည်းငယ်ခန့်ရှိနေပြီး ဂျာမန်ဘောလုံးလောကမှာတော့ ဘွန်ဒက်စ်လီဂါ လိဂ်၂ အသင်းတစ်သင်းဖြစ်တဲ့ ဟန်နိုဗာအသင်းရဲ့ နောက်ခံလူ ဟူဘာက ကူးစက်ခံထားရကာ လက်ရှိမှာတော့ ဟန်နိုဗာတစ်သင်းလုံးကို ဆေးစစ်မှုတွေ ပြုလုပ် နေပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်ဟာ ကူးစက်ခံရပြီး ၁၄ရက်နီးပါးကြာမှသာ ရောဂါလက္ခဏာကို ပြသတာဖြစ်တာကြောင့် နှစ်ပတ် အတွင်းမှာ ဟန်နိုဗာအသင်းနဲ့ ကစားထားတဲ့ အသင်းတွေကပါ ဆေးစစ်မှုကို ခံယူရဖွယ်ရှိနေပြီး အဆိုပါဂယက်ဟာ ဂျာမန်ဘောလုံးလောကကို အတော်လေး လှုပ်ခါသွားစေပါတယ်။

Photo Credit: Standard.com

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဂျာမဏီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရှိရာသီမှာ ကစားနေတဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲ ၊ ဘွန်ဒက်လီဂါ လိဂ်၂ပြိုင်ပွဲစတာတွေကို ရပ်တန့်ဖို့အတွက် စဉ်းစားနေကြပြီး ပြိုင်ပွဲကို ရပ်တန့်လိုက်ပါက လက်ရှိဘောလုံးရာသီမှာ ဘွန်ဒက်လီဂါပြိုင်ပွဲကို ဗိုလ်စွဲမယ့်အသင်း ရှိလာမှာမဟုတ်သလို တန်းဆင်းရမယ့် အသင်းလဲ ရှိလာမှာမဟုတ်ဘူး လို့ သိထားရပါတယ်။ ဒါပေမယ့် လိဂ်၂ကနေ တန်းတက်လာမယ့် အသင်းလေးသင်းတော့ ရှိလာနိုင်ကြောင်းနဲ့ လာမယ့်ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါပြိုင်ပွဲဟာ အသင်း၂၂သင်း ပါဝင် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာနိုင်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုကနေ အမြန်ဆုံး ပြန်လည်သက်သာပါစေ ဘောလုံးလောကရေ….။