ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုခံစစ်မှူး တဦး ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၂ ဆီဗီးလား ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူရနိုင်ချေ ရှိနေကြောင်း သိရပါတယ်။

အာဂျင်တီးနား လက်ရွေးစင် ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် ဗာရန်းနဲ့ အတွဲညီညီ ကစားကာ အသင်းရဲ့ ခံစစ်ကြောင်းကို ဦးဆောင်ခွင့် ရနေသူပါ။

Photo Credit: Mirror

မာတီနက်ဇ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ အထိ ပါဝင် ကစားပေးထားပြီး သူက ယနေ့မနက် အစောပိုင်းမှာတော့ ကံမကောင်းစွာနဲ့ ပြင်းထန်တဲ့ ခြေထောက်ဒဏ်ရာ တခု ရခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၂-၂ ဆီဗီးလား ပွဲစဉ်မှာ မာတီနက်ဇ်က ဘောလုံးကို ဆွဲပြေးဖို့ ကြိုးစားရင်း ဒဏ်ရာရသွားခဲ့တာ ဖြစ်ပြီး ကနဦးမှာ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မာတီနက်ဇ်ဟာ ခြေဖနောင့်ဒဏ်ရာ ရသွားတာ ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ကံကောင်းစွာနဲ့ပဲ မာတီနက်ဇ်ဟာ ခြေသန်းရိုးကျိုးဒဏ်ရာသာ ရခဲ့ကြောင်း ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

 

Photo Credit: Sporting News

ခြေဖနောင့်ဒဏ်ရာ ရခဲ့မယ် ဆိုရင် မာတီနက်ဇ်က ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ လပေါင်းများစွာ အချိန်ယူရမှာ ဖြစ်ပြီး ခြေသန်းရိုးကျိုးဒဏ်ရာသာ ရခဲ့တာကြောင့် မာတီနက်ဇ်ဟာ အနိမ့်ဆုံး ၆ပတ် ကနေ အများဆုံး ၂လ အထိသာ အနားယူရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီက လာမယ့် ၆ပတ် အတွင်းမှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် မာတီနက်ဇ်ဟာ ဘောလုံးရာသီ မကုန်ခင်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်ကစားပေးဖို့ မလွယ်တော့ပဲ လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကို ရောက်မှသာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်ကစားပေးနိုင်ဖွယ် ရှိပါတယ်။