MySport Myanmar

မော်ရိုကိုနဲ့ တွေ့ချင်လို့ ဂျပန်ကို အရှုံးပေးခဲ့တာ မဟုတ်ဘူးလို့ ငြင်းလိုက်တဲ့ ဘက်စ်ကွက်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဘက်စ်ကွက်ကတော့ သူတို့အသင်းဟာ ၁၆သင်း ရှုံးထွက်အဆင့်မှာ အုပ်စုFရဲ့ အဆင့်၁ မော်ရိုကိုနဲ့ တွေ့ဆုံချင်တာကြောင့် အုပ်စုနောက်ဆုံးပွဲမှာ ဂျပန်ကို အရှုံးပေးခဲ့တယ် ဆိုတဲ့ ကောလာဟလ သတင်းတွေကို ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

စပိန်က ဂျာမဏီ ၊ ဂျပန် ၊ ကော်စတာရီကာတို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စုအဖွင့်ပွဲမှာ ကော်စတာရီကာကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အုပ်စု ဒုတိယပွဲမှာ ဂျာမဏီကို ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေကျခဲ့ပေမယ့် အုပ်စု နောက်ဆုံးပွဲ ဖြစ်တဲ့ ဂျပန်နဲ့ပွဲမှာတော့ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: CNA

စပိန်က ဂျပန်နဲ့ မကစားမီမှာ အုပ်စုEရဲ့ ပထမနေရာကို ရထားပြီး အကယ်၍ သူတို့ကသာ အုပ်စု ပထမနေရာနဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားရင် အုပ်စုFရဲ့ ဒုတိယ ခရိုအေးရှားနဲ့ ထိပ်တိုက် တွေ့ဆုံရမှာပါ။

ဒါပေမယ့် အုပ်စုနောက်ဆုံးပွဲမှာ စပိန်က ဂျပန်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့တာကြောင့် အုပ်စု ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ၁၆သင်း ရှုံးထွက်အဆင့်မှာ အုပ်စုFရဲ့ အုပ်စုဗိုလ် မော်ရိုကိုနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေခဲ့ပြီး စပိန်ကို နိုင်သွားတဲ့ ဂျပန်ကတော့ ရမှတ် ၆မှတ်နဲ့ အုပ်စုဗိုလ် ဖြစ်သွားခဲ့တာကြောင့် ၁၆သင်း ရှုံးထွက်အဆင့်မှာ ခရိုအေးရှားနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

စပိန် ၁-၂ ဂျပန် ပွဲအပြီးမှာတော့ စပိန်အသင်းခေါင်းဆောင် ဘက်စ်ကွက်က သူတို့အသင်းဟာ ၁၆သင်း ရှုံးထွက်အဆင့်မှာ ပိုမို လွယ်ကူတဲ့ ပြိုင်ဘက်နဲ့ ကစားချင်တာကြောင့် ဒီပွဲကို အရှုံးခံခဲ့တာ မဟုတ်ပဲ သူတို့က အနိုင်ရအောင် ကြိုးစား ကစားခဲ့ပေမယ့် အနိုင်မရခဲ့တာသာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

Photo Credit: CNA

ဘက်စ်ကွက်က – “ကျွန်တော်တို့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တာက ၁၆သင်း ရှုံးထွက်အဆင့်မှာ ဘယ်အသင်းနဲ့ တွေ့မှာလဲ ဆိုတာနဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော်တို့က ဒီပွဲမှာ အနိုင်ရချင်ခဲ့သလို အုပ်စုဗိုလ် ဖြစ်အောင်လည်း ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ကို ကြည့်ပြီး ရလဒ်ကို လိုချင်သလို ပြောင်းလဲလို့ မရနိုင်ဘူးလေ။ တကယ်လို့ တဖက်ပွဲမှာသာ မတူညီတဲ့ ရလဒ်မျိုး ထွက်ခဲ့ရင် (ကော်စတာရီကာက ဂျာမဏီကို အနိုင်ရသွားခဲ့ရင်) ကျွန်တော်တို့ အတွက် အန္တရာယ် ဖြစ်လာနိုင်တာကို ခင်ဗျားတို့လည်း သိပါတယ်။ ကျွန်တော်တို့က ရှုံးပွဲတွေ့အောင် ကစားခဲ့တာမျိုး မဟုတ်ပါဘူး။ အနိုင်ရဖို့ပဲ ဦးတည် ကစားခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့နဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာ တွေ့ရမယ့် မော်ရိုကိုကလည်း ရင်ဆိုင်ဖို့ ခက်တဲ့ အသင်းကောင်း တသင်းပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version