စပိန်လက်ရွေးစင်အသင်းနဲ့ လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ခံစစ် ကစားသမား ဘက်စ်ကွက် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ် ဗိုလ်လုပွဲစဉ်မှာ ပြင်သစ်အသင်းရဲ့ အနိုင်ဂိုးကို ခွင့်ပြုခဲ့တဲ့ ကွင်းလယ်ဒိုင် တေလာနဲ့ ဒိုင်လူကြီးအဖွဲ့ကို ပွဲအပြီးမှာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

နေးရှင်းလိဂ် ဗိုလ်လုပွဲစဉ် အဖြစ် စပိန်အသင်းနဲ့ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ပြင်သစ်အသင်းဟာ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဘန်ဇီမာနဲ့ အမ်ဘာပေတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ စပိန်အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ စပိန်အသင်းဟာ ဦးဆောင်ဂိုးကို စတင် ရရှိခဲ့ပြီး ပွဲကစားချိန် ၆၄မိနစ်မှာ တိုက်စစ်မှူး အိုယာဇာဘယ်က သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် စပိန်အသင်းရဲ့ ဦးဆောင်ဂိုးဟာ ကြာကြာ မခံခဲ့ပဲ ပြင်သစ်အသင်းဟာ ပွဲကစားချိန် ၆၆မိနစ်မှာပဲ ဘန်ဇီမာက ပြင်သစ်အသင်း အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးနိုင်ခဲ့ပြီး ပွဲကစားချိန် ၈၀မိနစ်မှာတော့ အမ်ဘာပေက အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အမ်ဘာပေရဲ့ အနိုင်ဂိုးဟာ လူကျွံအနေအထားမှာ ရှိနေကာ အဆိုပါသွင်းဂိုးနဲ့ ပတ်သတ်ပြီး လူကျွံတယ် ၊ မကျွံဘူး ဆိုတဲ့ အပေါ် အငြင်းပွားမှုတွေ ရှိနေပါတယ်။ အမ်ဘာပေဟာ ပြင်သစ် ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ်ရဲ့ ပေးပို့မှု ကနေ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပြီး သီယို ဟာနန်ဒက်ဇ်က ဘောလုံး ပေးပို့ချိန်မှာ အမ်ဘာပေဟာ လူကျွံနေခဲ့ပါတယ်။

Photo Credit: Standard

ဒါပေမယ့် သီယို ဟာနန်ဒက်ဇ်ရဲ့ ဘောလုံးပေးပို့မှုကို စပိန်နောက်ခံလူ ဂါစီယာက လျှောထိုး ဖြတ်ထုတ်မှု ပြုလုပ်ခဲ့ပြီး ဘောလုံးဟာ ဂါစီယာကို ထိမှန်ပြီးမှ အမ်ဘာပေဆီ ရောက်ရှိခဲ့တာကြောင့် ကွင်းလယ်ဒိုင် တေလာနဲ့ ဒိုင်လူကြီးအဖွဲ့ဟာ ပြင်သစ်အသင်းရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။

စပိန်အသင်းခေါင်းဆောင် ဘက်စ်ကွက် ကတော့ ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။ ဘက်စ်ကွက်က – “ကွင်းလယ်ဒိုင်က ဂါစီယာဟာ ဘောလုံးကို လိုက်လုပြီး ပွဲကို ဆက်ကစားဖို့ ကြိုးစားခဲ့တာကြောင့် လူကျွံဘော မဟုတ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဂါစီယာ ဘောလုံးကို လိုက်လုခဲ့တာက လူကျွံနေတဲ့ အမ်ဘာပေဆီ ဘောလုံး ရောက်သွားနိုင်လို့ပါ။ ဒါကြောင့် ဒီဆုံးဖြတ်ချက်က လုံးဝကို အဓိပ္ပါယ် မရှိပါဘူး” လို့ ဝေဖန်ခဲ့တာပါ။