ဗင်းဆင့်ကွန်ပနီရဲ့ ဘန်လေအသင်းကတော့ Treble champions မန်ချက်စတာစီးတီးအသင်းရဲ့ အင်္ဂလန် ယူ-၂၁ ဂိုးသမားလေး ဂျိမ်းစ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး ပေါင် (၁၄)သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့ ဖာဘရီဇီယိုရိုမာနိုက သူရဲ့ Twitter စာမျက်နှာပေါ်ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Twitter

ပရီးမီးယားလိဂ်ကို ပြန်လည် တန်းတတ်ခွင့် ရရှိလာတဲ့ ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်မှာ အချိန်ကြာရှည်စွာ ရပ်တည်သွားနိုင်ဖို့အတွက် ကစားသမား အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်လျက် ရှိနေပြီး ဒေါ့မွန်အသင်းက ပြင်သစ် ဗဟို နောက်ခံကစားသမားလေး ကူလီဘလီကို တစ်ရာသီအငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူဖို့ နီးစပ်လာခဲ့သလို အခုလည်း မန်စီးတီး ဂိုးသမားလေး ထရက်ဖို့ဒ်ကိုပါ အသင်းဆီ ခေါ်ဆောင်နိုင်ပါတော့မယ်။

Photo Credit : Twitter

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ မန်စီးတီး လူငယ် ဂိုးသမားလေး ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ လက်ရှိ ကျင်းပနေတဲ့ ယူ-၂၁ ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း အင်္ဂလန် ယူ-၂၁အသင်းအတွက် ပါဝင်နေရင်း အခုဆိုရင် ဆီမီးဖိုင်နယ်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မန်စီးတီး စီနီယာအသင်းအတွက် တစ်ပွဲမှ ကစားထားရခြင်း မရှိသေးတဲ့ ဒီဂိုးသမားလေးက အက်ကရင်တန် နဲ့ ဘော်လ်တန်အသင်းတွေမှာသာ အငှား ကစားသမားအဖြစ်နဲ့သာ ကျင်လည်ထားခဲ့ရပါတယ်။

ဒီဂိုးသမားလေးကို ပရီးမီးယားလိဂ် တန်းတတ်ကလပ် ဘန်လေအသင်းက ပြောင်းရွှေ့ကြေး ပေါင် (၁၄)သန်း + အပိုဆုကြေး ပေါင် (၅)သန်းတို့နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ဘန်လေအနေနဲ့ ထရက်ဖို့ဒ်ကို ပြန်လည် ရောင်းချမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးရဲ့ (၂၀)%ကို စီးတီးအသင်းဆီ ပေးချေရမယ်လို့ sell-on clause ပါ ပါဝင်လို့နေပါတယ်။