ဝက်စ်ဟမ်းယူနိုက်တက်အသင်းကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို ခေါ်ယူထားခြင်းမရှိသေးပေမယ့် နွေစျေးကွက်မပိတ်သိမ်းသွားခင်မှာတော့ အသင်းအတွက် မဖြစ်မနေ လိုအပ်နေတဲ့ နေရာတွေမှာ ကစားသမားဖြည့်တင်းမှုတွေကို လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းလျက်ရှိနေရာ ဘန်လေအသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား ဂျိမ်းစ်တာကောစကီးကို အဓိကပစ်မှတ်ထားပြီး ခေါ်ယူသွားဖို့ ကြိုးပမ်းနေပေမယ့်လည်း ဘန်လေကတော့ ဝက်စ်ဟမ်းရဲ့ကမ်းလှမ်းချက်တိုင်းကို အကြိမ်ကြိမ်ပယ်ချလျက်သာ ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား တာကောစကီးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးသော ဗဟိုနောက်ခံကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ဘန်လေအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဝက်စ်ဟမ်းဘက်ကနေ တာကောစကီးအတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၁)သန်းနဲ့ တတိယအကြိမ်မြောက်အဖြစ် ထပ်မံကမ်းလှမ်းလာခြင်းကိုပါ ထပ်မံပယ်ချလိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းဘက်ကတော့ လက်မလျှော့သေးပဲ ဆက်လက်ပြီး ကမ်းလှမ်းသွားဖွယ်သာရှိနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : BBC

ဝက်စ်ဟမ်းယူနိုက်တက်အသင်းကနေ တာကေစကီးအတွက် ပထမဆုံးအကြိမ်အဖြစ် ပြောင်းရွှေ့ကြေး ပေါင်(၁၀)သန်း+အပိုဆုကြေးနဲ့ ကမ်းလှမ်းခဲ့ရာ ငြင်းဆန်ပယ်ချခံခဲ့ရပြီး နောက်တစ်ကြိမ် ဒုတိယတစ်ကြိမ်အဖြစ် ပေါင်(၂၅)သန်းနဲ့ ထပ်မံကမ်းလှမ်းလာခဲ့ရာမှာလည်း ဘန်လေက ထပ်ပြီးပယ်ချသွားခဲ့ပါတယ်။ အခုလည်း ပေါင်(၃၁)သန်းနဲ့ ထပ်တိုးကမ်းလှမ်းလာခဲ့ပေမယ့်လည်း ဘန်လေကတော့ ဆက်လက်ပြီးပယ်ချခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဒီနွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုမရှိသေးပဲ မနှစ်က ရာသီဝက်အတွင်း အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်ကစားသမား တူရှက်ကိုပဲ အပြီးသတ်ခေါ်ယူထားခဲ့ပြီး အကယ်ဒမီက လူငယ်ကစားသမားလေးတစ်ယောက်ကိုလည်း အသင်းကြီးဆီ ခေါ်ယူထားခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ နယူးကာဆဲဲလ်ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ (၂)ဂိုးပြတ်နဲ့ကို အရေးနိမ့်ခဲ့ပြီးနောက် ကစားသမားအင်အားဖြည့်တင်းမှု မဖြစ်မနေ ပြုလုပ်ဖို့ လိုအပ်လာတာကြောင့် ဘန်လေနောက်ခံလူ တာကေစကီးအပြင် ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလို့နေတဲ့ ဘရာဇီးဘယ်နောက်ခံလူ အီမာဆန်ကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။