MySport Myanmar

Turf Moor ကွင်းမှာ ယူနိုက်တက်ကို အဆင်မပြေဖြစ်အောင် လုပ်သွားမယ်လို့ ရှောင်ဒိုက်ကြုံးဝါး

ဒီနေ့ည မြန်မာစံတော်ချိန် မနက်(၂)နာရီခွဲအချိန်မှာTurf Moor ဘောလုံးကွင်းအတွင်း အိမ်ရှင်ဘန်လေအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၄)အဖြစ် ရင်ဆိုင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပွဲစဉ်(၁၀) နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံးထားမှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် ဧည့်သည်ယူနိုက်တက်အသင်းကို ဒုက္ခပေးသွားဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ဘန်လေနည်းပြ ရှောင်ဒိုက်က ကြုံးဝါးသွားခဲ့ပါတယ်။

Photo Credit : Daily Mail

နည်းပြရှောင်ဒိုက်ရဲ့ ဘန်လေအသင်းဟာ အောက်တိုဘာလနှောင်းပိုင်းက ဘရန့်ဖိုဒ့်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး ပရီးမီးယားလိဂ်မှာ တောက်လျှောက်နိုင်ပွဲပျောက်နေရတာ ဖြစ်သလို လက်ရှိမှာလည်း အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာကို ရောက်ရှိနေရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးမရှိ သရေကျအောင် ကစားထားနိုင်ခဲ့လို့ အခု ယူနိုက်တက်နဲ့ ဆုံတွေ့နေရချိန်မှာလည်း ယူနိုက်တက်အသင်းကို အဆင်မပြေအောင် ကစားပြသွားပြီး အမှတ်ယူသွားမယ်လို့ ဘန်လေအသင်းနည်းပြ ရှောင်ဒိုက် ကြုံးဝါးပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

နည်းပြရှောင်ဒိုက်က “ယူနိုက်တက်အသင်းကို အားနည်းနေမယ်လို့ ခင်ဗျားတို့ မျှော်လင့်ထားပေမယ့် အဲ့ဒါကို ခင်ဗျားတို့ အာမခံနိုင်မှာ မဟုတ်ဘူး။ သူတို့မှာက အရည်အသွေး ပြည့်ဝတဲ့ ကစားသမားကောင်းတွေ ရှိနေပါတယ်။ သူတို့အသင်းတဝိုက်မှာက အကြောင်းအရာ အမျိုးမျိုးကြောင့် ဆူညံသံတွေ အနည်းငယ် ထွက်နေရတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့တွေ ကလပ်အသင်းကြီးတွေနဲ့ ကစားရတဲ့အခါမျိုးမှာ ကျွန်တော်တို့ဘက်က ပွဲကို မတူကွဲပြားတဲ့ ပုံစံမျိုးအောင် သူတို့ ကစားရတာ အဆင်မပြေ ဖြစ်လာအောင် လုပ်ဆောင်တတ်ပါတယ်။ ဒီလိုပွဲမျိုးတွေမှာလည်း အနိုင်ယူနိုင်ပြီးတော့ ရလဒ်တွေကိုပါ စုဆောင်းနိုင်တတ်တယ် ဆိုတာကို ကျွန်တော်တို့ တွေ့ရှိထားခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ အလုပ်ပါပဲ။ ကျွန်တော်တို့ လုပ်ဆောင်သွားမယ့် ရည်ရွှယ်ထားတဲ့ အရာပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရှောင်ဒိုက်ရဲ့ ဘန်လေအသင်းဟာ ယူနိုက်တက်နဲ့ နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲအတွင်းမှာ ယူနိုက်တက်ကို တစ်ကြိမ်သာ အနိုင်ရထားခဲ့ပြီး သူတို့ရဲ့ အိမ်ကွင်း Turf Moor မှာတော့ ၂၀၀၉ခုနှစ်ကသာ နောက်ဆုံးအကြိမ်အဖြစ် အနိုင်ယူထားခဲ့တာ ဖြစ်ပါတယ်။

Exit mobile version