နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း စပါးအသင်းကို အနိုင်ရခဲ့ပြီး နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းဟာ ဒီနေ့ညနေမှာတော့ နိုင်ပွဲတွေဆက်နေတဲ့ ဘန်လေအသင်းနဲ့ ဆုံတွေ့နေခဲ့ရပြီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရကာ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဘန်လေအသင်းဘက်မှာ ရိုဒရီဂွက်ဇ် ဗွိုက်ဒရာ မက်နေးလ် ပီတာစ် ဘရောင်းဟေးလ် ဝက်စ်ဝုဒ် လောင်း ဘာ့စ်စလေ တာကေစကီး တေလာ နစ်ပုဒ်တို့ ပါဝင်လာခဲ့သလို ရှက်ဖီးအသင်းဘက်မှာလည်း မက်ဂိုးလ်ဒရစ် မက်ဘာနေး စတီဖန်စ် အော့စ်ဘွန် နော်ဝုဒ် ဆမ်ဒါဘာ့ဂျ် ဘယ်ဒေါ့ ရောဘင်ဆန် အီဂန် ဘာ့စ်ရှန် ဟန်ဒါဆန်တို့ ပါဝင်ထားပါတယ်။ ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ အိမ်ရှင်ဘန်လေက ပုံစံကောင်းပိုပြနိုင်ခဲ့ကာ တိုက်စစ်ကိုလည်း ထိထိရောက်ရောက် ကစားနိုင်ခဲ့ပြီး ရှက်ဖီးကတော့ ဘန်လေထက် တိုက်စစ်ဆင်ခွင့် ပိုမိုပိုင်ဆိုင်ခဲ့ပေမယ့် တိုက်စစ်အားနည်းမှုကြောင့် ထိရောက်မှုနည်းခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာပဲ ပြစ်ဒဏ်ဘောကနေတစ်ဆင့် အသင်းခေါင်းဆောင် နောက်ခံကစားသမား တာကောစကီးက ခေါင်းတိုက်ပြီး ရှက်ဖီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပွဲကစားချိန်တွေအတွင်း ကစားသမားအပြောင်းအလဲလုပ်ပြီး အဲ့ဒီလူစားဝင် ကစားသမားတွေဆီကနေ သွင်းဂိုးတွေ ရယူတတ်တဲ့ ရှက်ဖီးအသင်းဟာ ဒုတိယပိုင်းမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ဘီလီရှပ်နဲ့ မူဇက်တို့အပြင် ရော့ဝဲလ်နဲ့ အိုကွန်နယ်တို့ကိုပါ ထည့်သွင်းခဲ့ပြီးနောက် ချေပဂိုးရဖို့ ပိုမိုနီးစပ်လာခဲ့ကာ မိနစ်(၈၀)မှာပဲ ဘီလီရှပ် ခေါင်းတိုက်ချပေးတာကို နောက်ခံလူအီဂန်က အားပါပြင်းထန်လှတဲ့ ကန်ချက်နဲ့ ချေပဂိုးကို သွင်းယူခဲ့ပါတယ်။