ဒီနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်းမှာ သရေပွဲတွေပဲ တောက်လျှောက်ရနေတဲ့ အာဆင်နယ်အသင်းဟာ ဒီနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၅)အဖြစ် ရလဒ်တွေ ပြန်လည်ကောင်းမွန်လို့နေတဲ့ ဘန်လေအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆို်င်ကစားခဲ့ရပြီး ဘယ်အသင်းကမှ သွင်းဂိုးတွေမရယူနိုင်ခဲ့ပဲ ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Getty Images

ဧည့်သည်အာဆင်နယ်အသင်းက ဆောင်းစျေးကွက်အတွင်းမှာ ခေါ်ယူခဲ့တဲ့ နောက်ခံလူသစ်နှစ်ယောက်ကို ဒီပွဲမှာ သုံးစွဲလာခြင်းမရှိပဲ ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်လာတဲ့ အူဘာမီယန်း လာကာဇက် မာတင်နယ်လီ အိုဇေး ချာကာ ဂွမ်ဒူဇီ ဘယ်လာရင် ဇာခါ မူစတာဖီ ဒေးဗစ်လုဇ် လေနိုတို့နဲ့သာ ပွဲထွက်လာခဲ့ပါတယ်။ လက်စတာ မန်ချက်စတာယူနိုက်တက်အသင်းတို့တွေကို အနိုင်ရခဲ့တဲ့ ဘန်လေကလည်း သူတို့အသင်းရဲ့ အမာခံကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး အာဆင်နယ်အသင်းကို တုန့်ပြန််ကစားသွားခဲ့ပါတယ်။ ဒါပေမယ့် ဘန်လေက ပွဲအစပိုင်းတွေမှာ အထနှေးနေတတ်တာကို သိရှိထားတဲ့ အာဆင်နယ်က ပွဲအစပိုင်းမှာပဲ ဖိအားပေးကစားသွားခဲ့ပြီး လာကာဇက်ရဲ့ခေါင်းတိုက်ချက်နဲ့ အူဘာမီယန်းရဲ့ ဖြုန်းတီမှု၂ကြ်ိမ်တို့ကြောင့် အဖွင့်ဂိုးရဖို့ အလှမ်းဝေးခဲ့ရပါတယ်။ မိနစ်၃၀နောက်ပိုင်းမှာတော့ လက်ကျန်မိနစ်တွေက ဘန်လေရဲ့အခိုက်အတန့်တွေ ဖြစ်လာခဲ့ရပြီး သူတို့ရဲ့အမြင့်ဘောအားပြုတဲ့ ကစားဟန်နဲ့ အာဆင်နယ်ခံစစ်ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂုုိးဝင်ချင်းမရှိလို့ ပထမပိုင်းတော့ ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ အာဆင်နယ်အသင်းက ပထမပိုင်းမှာ ဒဏ်ရာပြသာနာ ရင်ဆိုင်ခဲ့ရတဲ့ ဇာခါအစား တော်ရဲရားကို ထည့်သွင်းလာပြီး ချာကာကို ခံစစ်မှာ ဆင်းကစားစေခဲ့ပါတယ်။ ကစားသမားအပြောင်းအလဲ လုပ်ခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းအတွက် အခွင့်အရေးတွေ သိပ်မရခဲ့သလို ဘန်လေကလည်း အမြင့်ဘောတွေနဲ့ အာဆင်နယ်ခံစစ်ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အာဆင်နယ်ကစားသမားဘဝ ပွဲ၂၅၀ပြည့်အဖြစ် ပါဝင်ကစားနေပေမယ့် ခြေစွမ်းမပြနိုင်တဲ့ အိုဇေးရဲ့နေရာမှာ ဝဲလ်လော့ ဝင်ရောက်လာချိန်မှ အာဆင်နယ်တိုက်စစ် ပိုမြိုင်လာခဲ့ရပြီး ဘန်လေကို ဖိအားပေးလာခဲ့ပေမယ့် ဂိုးဝင်လောက်တဲ့ အနေအထားမျိုးတော့ မရှိခဲ့ပါဘူး။ ဒါ့အပြင် ဘန်လေအသင်းရဲ့ တိုက်စစ်ကစားသမား ရိုဒရီဂွက်ဇ် အနီးကပ်ပိတ်သွင်းမှုက တိုင်ထိပြီး ဘောလုံးက ဂိုးစည်းပေါ်ကျခဲ့ကာ ပြန်ထွက်သွားခဲ့လို့ အာဆင်နယ်အတွက် အသက်ရှချောင်စေခဲ့ပါတယ်။ နောက်ဆုံးမိနစ်ထိ ဘယ်သူမှ ဂိုးတွေမရယူနိုင်တော့ပဲ ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။