ယနေ့ နေ့လည် ၂နာရီခွဲ အချိန်မှ စတင်ကာ Mobile Legends Bang Bang ကနေ စီစဉ်ကျင်းပတဲ့ M2 World Championship ပြိုင်ပွဲရဲ့ Upper Bracket Final ကို မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghouls အသင်းနဲ့ အင်ဒိုနီးရှား နိုင်ငံရဲ့ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်တဲ့ RRQ Huoshi အသင်းတို့ ရင်ဆိုင် ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဉ် မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုယ်စားပြု အသင်းဖြစ်တဲ့ Burmese Ghouls အသင်းဟာ RRQ Huoshi အသင်းကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အသင်းရဲ့ သမိုင်းမှာ ပထမဦးဆုံး အကြိမ်အဖြစ် World Championship ပြိုင်ပွဲတစ်ခုရဲ့ Grand Final အဆင့်ဆီကို ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် စတင် ရရှိတဲ့ အချိန်ကတည်းက Burmese Ghouls အသင်းဟာ သူတို့နဲ့ ထိုက်တန်တဲ့ လေးစားမှုမျိုးကို ပြိုင်ဘက်အသင်းတွေ ၊ ပွဲစီစဉ်ကျင်းပတဲ့ အဖွဲအစည်းတွေ ၊ နိုင်ငံတကာက ကျွမ်းကျင်သူတွေဆီ ကနေ မရခဲ့ပါဘူး။ အထူးသဖြင့် M2 World Championship ပြိုင်ပွဲကြီး စတင်ချိန်မှာ ထွက်လာတဲ့ Power Ranking Table မှာထဲက Burmese Ghouls အသင်းဟာ အနှိမ်ခံခဲ့ ရတာပါ။ ပြီးခဲ့တဲ့ M1ပြိုင်ပွဲမှာ Top 4 ဝင်ခဲ့တဲ့ အသင်းတစ်သင်း ၊ နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ MPLi ပြိုင်ပွဲမှာ Top 4 ဝင်ခဲ့တဲ့ Burmese Ghouls အသင်းရဲ့ ဗိုလ်စွဲနိုင်ချေ အဆင့်က ၇ပါတဲ့။ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံက Burmese Ghouls ပရိသတ်တွေကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။

Photo Credit: One Sports

အထူးသဖြင့် ပြီးခဲ့တဲ့ MPLi ပြိုင်ပွဲမှာ Burmese Ghouls အသင်းရဲ့ အပြတ်အသတ် ချေမှုန်းခြင်းကို ခံထားရတဲ့ TODAK အသင်း ၊ ပြိုင်ပွဲကြီး အတွေ့အကြုံနည်းတဲ့ Omega အသင်းတို့ဟာ Burmese Ghouls အသင်းရဲ့ အထက်မှာ ရောက်နေတာဟာ လက်မခံနိုင်စရာ အချက်တစ်ခုပါပဲ။ ဒါပေမယ့် Burmese Ghouls အသင်းကတော့ လေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို ဂရုမစိုက်ပဲ ကိုယ်လုပ်စရာ ရှိတဲ့ အရာတွေကို အကောင်းဆုံး လုပ်ခဲ့ပြီး အုပ်စု Aရဲ့ အုပ်စု ပထမနေရာနဲ့ Upper Bracket Final ကို တက်လှမ်း နိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ခဲ့ပေမယ့် Burmese Ghouls အသင်းဟာ ပြိုင်ဘက်အသင်းတွေရဲ့ လေးစားမှုတွေ ၊ လေ့လာ သုံးသပ်သူတွေရဲ့ ယုံကြည်မှုတွေကို မရခဲ့ပဲ Bren အသင်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ ဆိုရင် Prediction Result မှာ ၂၀% တောင် မကျော်ခဲ့တဲ့ အထိ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်အပေါ် အထင်သေးလေ ပိုကြိုးစားလေ ဆိုတဲ့ Aceတို့ တစ်သိုက်ကတော့ Burmese Ghouls အသင်းဟာ ဘာ့ကြောင့် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်သင့်လဲ ဆိုတာကို ပြိုင်ပွဲမတိုင်မီမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ Bren အသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ယူကာ သက်သေပြခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ Burmese Ghouls အသင်းဟာ သူတို့ အင်မတန်မှ တွေ့ချင်နေတဲ့ အသင်းတစ်သင်း ဖြစ်တဲ့ RRQအသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး ရေကုန်ရေခမ်း ကြိုးစား ကစားခဲ့ပြီးတဲ့ နောက်မှာတော့ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ကာ Grand Final အဆင့်ကို ပထမဦးဆုံး အကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: One Sports

Burmese Ghouls အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး နိုင်ငံတကာက Casters တွေကတော့ Burmese Ghouls အသင်းဟာ M2 ပြိုင်ပွဲရဲ့ Dark Horse (ကော်ကောင်) ဖြစ်ကြောင်း တညီတညွတ်ထဲ ပြောနေကြပေမယ့် ဒီစကားလုံးဟာ Burmese Ghouls အသင်းနဲ့ ထိုက်တန်တဲ့ ချီးမွမ်းစကား မဟုတ်ခဲ့ပါဘူး။ Burmese Ghouls အသင်းဟာ ပြိုင်ပွဲမစတင်မီ ကတည်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ၄သင်း စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်တဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် မြန်မာကစားသမားတွေ ဆိုတဲ့ အချက်တစ်ခုနဲ့တင် အားလုံးက Burmese Ghoulsနဲ့ ထိုက်တန်တဲ့ ချီးကျူးမှုတွေကို ပေးဖို့ တွန့်ဆုတ် နေခဲ့ကြပါတယ်။ Bren Esports နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ Bren အသင်းရဲ့ ကစားသမားတွေဟာ Burmese Ghouls အသင်းကို အထင်သေးတဲ့ စကားလုံးတချို့ ပြောခဲ့ပါတယ်။ “Burmese Ghouls အသင်းဟာ လက်ရှိ Metaနဲ့ လိုက်ပြီး မကစားတတ်တာကြောင့် ထင်သလောက် အင်အားမကောင်းဘူး” ဆိုပြီး ပြောခဲ့တာပါ။ ဒီနေ့မှာတော့ Burmese Ghoulsရဲ့ Meta Hero မဟုတ်တဲ့ Diggie ကို RRQ အသင်းက Respect Ban ပေးခဲ့ရပါတယ်။ ဒီဖြစ်ရပ်က Burmese Ghouls အသင်းရဲ့ ကစားပုံကို ပြိုင်ဘက်အသင်းတွေဟာ အတော်လေးကို အထင်သေးခဲ့တာကို ပြသနေပါတယ်။ ဒီပြိုင်ပွဲမှာ Burmese Ghouls အသင်းဟာ ပုံမှန်မဟုတ်တဲ့ Heroes တွေ အများကြီးကို အသုံးပြုခဲ့တယ်။ အထူးသဖြင့် Diggie ၊ Balmond ၊ Grock ၊ Atlas ဆိုတဲ့ Heores တွေကို တကယ့် အရေးပါတဲ့ ပွဲစဉ်တွေမှာ အသုံးပြုခဲ့တဲ့ Burmese Ghouls အသင်းရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေက Grand Final ဆီကို အရောက် ပို့ပေးခဲ့တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

Photo Credit: One Sports

အခုလို အနှိမ်ခံ အသင်းတစ်သင်း ဘဝကနေ Grand Final ဆီကို တက်လှမ်းနိုင်ခဲ့တဲ့ Burmese Ghouls အသင်းမှာ မဖြစ်မနေ အသိအမှတ် ပြုရမယ့်လူ ကတော့ Coach ဖြစ်သူ ကိုသုတ ခေါ် PVNDVပဲ ဖြစ်ပါတယ်။ PVNDVဟာ Burmese Ghouls အသင်းတစ်ခုလုံးရဲ့ ဦးနှောက်ပါပဲ။ သူ့ရဲ့ ပွဲမတိုင်ခင် Draft Pick မှာထဲက ပြိုင်ဘက်အသင်းကို အသာစီးရဖို့ ကြိုးစားခဲ့မှုတွေက အံ့မခန်းပါပဲ။ အထူးသဖြင့် ဒီနေ့မှာ ကစားခဲ့တဲ့ Burmese Ghouls အသင်းနဲ့ RRQအသင်းတို့ရဲ့ ပွဲစဉ်မှာ Burmese Ghouls အသင်းဟာ Malthida ကို Ban List ကနေ လွှတ်ပေးခဲ့ပြီး တစ်ဖက်က အသင်းကို Mind Game လုပ်ခဲ့ပါတယ်။ RRQ အသင်းကလည်း Burmese Ghouls အသင်းရဲ့ ကိုင်လေ့ကိုင်ထ ရှိတဲ့ Hero တွေ ဖြစ်တဲ့ Lapu Lapuနဲ့ Yi Sun-Shin တို့ကို လွှတ်ပေးပြီး Malthidaကို Burmese Ghouls အသင်းဘက်က Ban Listထဲ ပို့ဖို့ မေ့နေခဲ့တယ် အထင်နဲ့ အခွင့်ကောင်း ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီမှာပဲ PVNDV ရဲ့ First Choice ဟာ Malthida ဖြစ်ခဲ့ပါတယ်။ တကယ်တမ်း PVNDV ရဲ့ နေရာမှာ ကျွန်တော်သာ ဆိုရင် လွတ်နေတဲ့ Deeရဲ့ Lapu Lapu ကို ရွေးမှာ ဖြစ်ပေမယ့် PVNDV ကတော့ သူ့ရဲ့ အစီအစဉ်အတိုင်း Malthida ကိုပဲ ရွေးခဲ့တယ်။

Photo Credit: One Sports

ဒါဟာ အတော်လေးကို risks များတဲ့ ရွေးချယ်မှုပါ။ တစ်ဖက်က ကိုယ့်ရဲ့ အပိုင် Heroတွေကို ဖွင့်ထားတဲ့ အချိန်မှာ ကျွန်တော်တို့ လူအတော်များများက ပွဲအတွက် စီစဉ်ထားမှုတွေကို ဖျက်ပြီး လွတ်နေတဲ့ Hero ကို ယူကြမှာ မလွဲမသွေပါပဲ။ ဒါပေမယ့် PVNDV ကတော့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Mobile Legends Coach ဆိုတဲ့ ဂုဏ်ပုဒ်ဟာ သူ့အတွက် ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော် ချီးကျူးချင်တဲ့ နောက်တစ်ယောက် ကတော့ Burmese Ghouls အသင်းနဲ့ လိုက်ပါခွင့် မရခဲ့တဲ့ Ice Ice ပါပဲ။ Ice Ice က Burmese Ghouls အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်ပေမယ့် စည်းမျဉ်း တချို့ကြောင့် M2 ပြိုင်ပွဲကို လိုက်ပါခွင့် မရခဲ့ဘူး။ ဒါပေမယ့် ပွဲပြီးသွားတဲ့ ညတိုင်းမှာ သူ့ရဲ့ အသင်းဖော်တွေ ကို ဖုန်းခေါ်ပြီး ပွဲအတွင်းက အကြောင်းအရာတွေကို ပြန်ထောက်ပြတာတွေ ၊ ဖိအားတွေ လျော့သွားအောင် စနောက်တာတွေ ၊ အားပေးစကား ပြောတာတွေက Burmese Ghouls အသင်းအနေနဲ့ Grand Fianl ဆီကို တက်လှမ်းနိုင်ခဲ့တဲ့ ခရီးစဉ်မှာ အတော်လေး အထောက်အကူ ပြုခဲ့ပါတယ်။

Photo Credit: One Sports

Burmese Ghouls အသင်းကို ကိုယ်စားပြုပြီး ကစားနေတဲ့ Ace ၊ Kid ၊ Dee ၊ RubyDD ၊ Maybe တို့ကိုတော့ အထူးတလည် ချီးကျူးစရာ လိုမယ် မထင်ပါဘူး။ သူတို့အားလုံးဟာ လက်ရှိအချိန်မှာ မြန်မာဆိုတာဟာ ဘာလဲ ဆိုတာကို အရှေ့တောင်အာရှက နိုင်ငံတွေ ကြားထဲမှာ သက်သေပြနိုင်ခဲ့သလို တစ်ဦးချင်း အရည်အသွေး ပြည့်ဝကာ အသင်းလိုက် စိတ်ဓာတ်ရှိတဲ့ သူတို့ရဲ့ ကစားပုံတွေကို ပွဲအတွင်းမှာ ခဏခဏ မြင်ခဲ့ရပါတယ်။ ဒီကစားသမား ငါးယောက်ဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ကစားသမား ၅ယောက် ဖြစ်သလို PVNDV ဟာလည်း Mobile Legends ပြိုင်ပွဲရဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦး ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ကာ Ice Ice ကတော့ အသင်းခေါင်းဆောင် ဆိုတာဟာ ကိုယ်မပါနိုင်ပေမယ့် အသင်းတစ်သင်းကို ဘယ်လို ဦးဆောင်ရမလဲ ဆိုတာ သက်သေပြနိုင်ခဲ့တဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း နောက်ဆုံး အနေနဲ့ ပြောကြားရင်း ဒီဆောင်းပါးလေးနဲ့ Burmese Ghouls အသင်းကို ထပ်မံ ဂုဏ်ပြုလိုက်ပါရစေ။