အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြန်လည်ကျင်းပဖြစ်နေတဲ့ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲကို (၂)ပတ်တာ ကျင်းပခဲ့ပြီးနောက်မှာတော့ အခု ပွဲစဉ်(၂၈)ကို ကြားရက်မှာပါ ဆက်လက်ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီကြားရက်မှာတော့ ဘွန်ဒက်လီဂါရဲ့ ထိပ်သီးအသင်း(၂)သင်းဖြစ်တဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ထိပ်တိုက်ဆုံတွေ့နေကြသလို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တွေလည်း ပါဝင်နေတာဖြစ်လို့ ဒီပွဲစဉ်တွေအကြောင်းကို အကြိုရင်ခုန်ကြည့်လိုက်ရအောင်ဗျာ။

Photo Credit : Getty Image

ဒေါ့မွန် နဲ့ ဘိုင်ယန်မြူးနစ် (အင်္ဂါနေ့ည၁၁နာရီ)
ဒီပွဲက ဘွန်ဒက်လီဂါချန်ပီယံဆုအတွက် အဆုံးအဖြတ်မဟုတ်သေးဘူးလို့ ဘိုင်ယန်နည်းပြဖလစ်ခ်က ပြောဆိုထားပေမယ့် သူတို့သာ ဒေါ့မွန်ကို အနိုင်ရလိုက်ရင် ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းဖို့ သေချာသလောက် ဖြစ်သွားမှာပါ။ ဆိုတော့ကာ ဒေါ့မွန်တို့ ဒီပွဲကို အရေးနိမ့်လို့ မဖြစ်ပါဘူး။ အနိုင်ရမယ်ဆိုရင် ဘိုင်ယန်နဲ့ ရမှတ်(၁)မှတ်ပဲ ကွာဟတော့မှာဖြစ်လို့ ဒီပွဲမှာ အသင်းလိုက်ကစားအား ပိုကောင်းနေတဲ့ အိမ်ရှင်ကို ပိုသဘောကျပါတယ်။ ဒေါ့မွန်ကပ်နိုင်လောက်ပါတယ်။

Photo Credit : Getty Image

လေဗာကူဆင် နဲ့ ဝုလ်ဖ်ဘတ် (အင်္ဂါနေ့ည၁နာရီ)
လေဗာကူဆင်တို့ ရလဒ်တွေ တောက်လျှောက်မှန်လာခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်က ပိုမိုအားကောင်းလာခဲ့သလို မိုချန်လို အသင်းမျိုးတောင် အဝေးကွင်းမှာ အနိုင်ယူထားခဲ့ပါတယ်။ ဝုလ်ဖ်ဘတ်ကတော့ အသင်းလိုက်ကစားဟန် မဆိုးလှပေမယ့် တစ်ဦးချင်းမှာတော့ အားနည်းသေးတာကြောင့် တားဆီးမရနိုင်သေးတဲ့ လေဗာကူဆင်အသင်းကပဲ အနိုင်သေချာနိုင်ပါတယ်။

Photo Credit : Getty Image

ဝါဒါဘရီမင် နဲ့ မိုချန်ဂလာဘတ် (အင်္ဂါနေ့ည၁နာရီ)
ဖရိုင်းဘတ်နဲ့ပွဲမှာ ဝါဒါဘရီမင်တို့ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပေမယ့် ခြေစွမ်းပိုင်းက အားရစရာမကောင်းသေးသလို နိုင်ပွဲရတာကလည်း ကံကောင်းထောက်မတာဖြစ်လို့ အခု မိုချန်နဲ့ဆုံတွေ့ချိန်မှာ ပိုမိုရုန်းကန်ရနိုင်ပါတယ်။ မိုချန်ကလည်း လေဗာကူဆင်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ထားတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထပ်ပြီးအမှားခံလို့ မဖြစ်တော့တာကြောင့် ဒီပွဲမှာ ဧည့်သည်အသင်းကို ပိုသဘောကျမိပါတယ်။ မိုချန် ကပ်နိုင်လောက်ပါတယ်။

Photo Credit : Getty Image

လိုက်ပ်ဇစ် နဲ့ ဟာသာဘာလင် (ဗုဒ္ဓဟူးည၁၁နာရီ)
နည်းပြသစ်လက်အောက်မှာ ဟာသာဘာလင်တို့ ခြေစွမ်းပိုင်းရော ရလဒ်တွေရော တိုးတတ်လာခဲ့ရာ အခု လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲက သူတို့အတွက် အကြီးမားဆုံး အစမ်းသပ်ခံမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။ လိုက်ပ်ဇစ်ကလည်း မိန့်ဇ်ကို (၅)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်က စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့သလို သူ့အပေါ်က အသင်း(၂)သင်း ဒီတစ်ပတ် ထိပ်တိုက်တွေ့ဆုံနေတာဖြစ်လို့ ဒါကလည်း ကောင်းကောင်းအသုံးချသွားမှာပါ။ အိမ်ရှင်ပဲကြိုက်ပါတယ်။