ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၂)လနီးပါးလောက်အထိ ရပ်နားထားခဲ့ရတဲ့ ဘောလုံးပြိုင်ပွဲတွေကို အခုလက်ရှိအချိန်မှာ ပြန်လည်စတင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဂျာမနီတွေကတော့ ဘောလုံးပွဲတွေ ဆက်လက်ရပ်နားထားဖို့ထက် ဖြစ်လာမယ့် အန္တရာယ်တွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ပြီး ဒီနေ့ကနေစတင်ကာ ဘွန်ဒက်လီဂါပွဲစဉ်တွေကို ပြန်လည်စတင်ကျင်းပတော့မှာဖြစ်လို့ ဒီတစ်ပတ် စနေ တနင်္ဂနွေနဲ့ တနင်းလာနေ့တွအတွင်း ယှဉ်ပြိုင်ကစားသွားမယ့် ဘွန်ဒက်လီဂါ ပွဲစဉ်(၂၆)ထဲကမှ အကောင်းဆုံးပွဲတွေကို ရွေးချယ်သုံးသပ်ပေးသွားချင်ပါတယ်။

Photo Credit : Getty Image

ဒေါ့မွန် နဲ့ ရှော်ကေး (စနေည၈နာရီ)
မြို့ခံဒါဘီပွဲစဉ်ဖြစ်လို့ အကြိတ်အနယ်ရှိမှာ သေချာနေသလို ပွဲဆက်တွေ အတော်လေး ပြတ်တောက်ထားတာကြောင့် ခြေစွမ်းတွေကို မှန်းဆရခက်နေမှာပါ။ ဒါပေမယ့် ဒေါ့မွန်က ပွဲတွေမရပ်နားလိုက်ခင်မှာ ရလဒ်တွေ ကောင်းမွန်ထားသလို ရှော်ကေးကတော့ တဖြည်းဖြည်းနဲ့ ခြေကျလာခဲ့ရာမှာ ဥရောပဝင်ခွင့်ကိုတောင် စိုးရိမ်ရတဲ့ အနေအထားဖြစ်နေပါတယ်။ ဒဏ်ရာရ ကစားသမားစာရင်းမှာ ဒေါ့မွန်ဘက်က အရေအတွက်ပိုများပေမယ့် ဒီပွဲမှာတော့ ဒါဘီပြိုင်ဘက်ကို ကပ်တော့အနိုင်ရမှာပါ။

Photo Credit : Getty Image

လိုက်ပ်ဇစ် နဲ့ ဖရိုင်းဘတ် (စနေည၈နာရီ)
ချန်ပီယံလိဂ်ကြောင့် လိုက်ပ်ဇစ်တို့ ဘွန်ဒက်လီဂါမှာ ရလဒ်တွေ တိမ်းစောင်းခဲ့လို့ အဆင့်(၃)နေရာကို ကျဆင်းလာခဲ့ပေမယ့် အခုကတော့ ဘွန်ဒက်လီဂါတစ်ခုတည်းပဲ အာရုံစိုက်ရမှာဖြစ်တဲ့အတွက် ရလဒ်ကောင်းတွေကို မျှော်လင့်ချင်စရာပါ။ ဖရိုင်းဘတ်ကလည်း ယူရိုပါလိဂ် မျှော်လင့်ချက်ရှိနေတဲ့အသင်းဖြစ်ပေမယ့် နောက်ဆုံးအဝေးကွင်း(၅)ပွဲမှာ (၁)ပွဲပဲ နိုင်ထားတာဖြစ်လို့ ချန်ပီယံမျှော်လင့်ချက်ရှိနေသေးတဲ့ အိမ်ရှင်ကိုပဲ အားပေးချင်ပါတယ်။

Photo Credit : Getty Image

ဖရန့်ဖတ် နဲ့ မိုချန်ဂလာဘတ် (စနေ့ည၁၁နာရီ)
အိမ်ရှင်အသင်းက အရင်နှစ်တွေကလောက် မာကြောမှု သိပ်မရှိတော့ပေမယ့်လည်း အိမ်ကွင်းခြေစွမ်းကတော့ သိပ်မဆိုးလှပါဘူး။ ဒီရာသီမှာ မထင်မှတ်ထားလောက်အောင် ခြေစွမ်းပြနေတဲ့ မိုချန်ဂလာဘတ်ကလည်း အဝေးကွင်းခြေမခေတာမို့ ဒီပွဲလည်း တကယ့်ကိုကြည့်ကောင်းမယ့်ပွဲ ဖြစ်လာဦးမှာပါ။ ဖရန့်ဖတ်ရဲ့ လက်ရှိအနေအထားက ဥရောပဝင်ခွင့်ရဖို့လည်း မလွယ်သလို တန်းဆင်းဇုန်နဲ့ကလည်း (၁၀)မှတ်လောက် ကွာဟသေးနေလို့ ရလဒ်ကို ထိန်းသိမ်းကစားဖို့ပဲ ပြင်ဆင်လာနိုင်ပါတယ်။ သရေကျနိုင်ပြီးတော့ ဧည့်သည်အသင်းနဲ့ စွန့်စားကြည့်ချင်ပါတယ်။

Photo Credit : Getty Image

အူယွန်းဘာလင် နဲ့ ဘိုင်ယန်မြူးနစ် (တနင်္ဂနွေည၁၀နာရီခွဲ)
ဘိုင်ယန်ကတော့ ဘောပွဲတွေ မရပ်နားခင်တုန်းက တောက်လျှောက်ရလဒ်တွေ ကောင်းခဲ့ရာကနေ အခုဆိုရင် အဆင့်(၁)နေရာမှာ ဒုတိယနေရာက ဒေါ့မွန်ကို (၄)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ကတော့ ပွဲတိုင်းကို အနိုင်ရဖို့ လိုအပ်ပါလိမ့်မယ်။ အူယွန်းကလည်း အိမ်ကွင်းခြေစွမ်း သိပ်မညံဖျင်းလှတာကြောင့် ဘိုင်ယန်ကို ခက်ခဲစေနိုင်ပေမယ့် ရမှတ်မဖြစ်မနေ လိုအပ်နေတဲ့ ဘိုင်ယန်ကပဲ ၂ဂိုးပြတ်လောက်နဲ့ အနိုင်ရဖွယ်ရှိပါတယ်။