ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် (၂)လနီးပါးလောက် ရပ်နားထားခဲ့ရတဲ့ ဂျာမန်ဘွန်ဒက်လီဂါ ဘောလုံးပြိုင်ပွဲက ပြီးခဲ့တဲ့ စနေနေ့ကပဲ ပြန်လည်စတင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ ဂိုးပြတ်နိုင်ပွဲတွေ အသီးသီးရယူနိုင်ခဲ့ပေမယ့်လည်း အဆင့်(၃)နေရာက လိုက်ပ်ဇစ်အသင်းကတော့ အိမ်ကွင်းမှာ သရေပဲကျခဲ့ရပါတယ်။ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်အသင်းကတော့ မနေ့ညက အူယွန်းဘာလင်အသင်းနဲ့ ဂျာမန်ဘွန်ဒက်လီဂါ ပွဲစဉ်(၂၆)အဖြစ် အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲဲ့ရင်းနဲ့ (၂)ဂိုးမရှိ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ကာ ဒုတိယနေရာက ဒေါ့မွန်ကို (၄)မှတ်ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဘိုင်ယန်အသင်းဟာ အူယွန်းအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရပြီး ပွဲအစပိုင်းလောက်မှာ အိမ်ရှင်အသင်းရဲ့ ကစားအားကြောင့် ရုန်းကန်ခဲ့ရပေမယ့်လည်း တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ နောက်ခံလူပါဗာရဲ့ ခေါင်းတိုက်သွင်းဂိုးတွေနဲ့အတူ (၂)ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ သွင်းဂိုး(၁)ဂိုး ရယူနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးဟာဆိုရင်လည်း ဒီနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံသွင်းဂိုး(၄၀)အထိ သွင်းယူနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးရာသီ (၅)ရာသီဆက်တိုက် ပြိုင်ပွဲစုံသွင်းဂိုး(၄၀)အထိကို သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကောင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Marca

ဒီပွဲမှာ သွင်းဂိုး(၂)ဂိုးနဲ့ အနိုင်ရသွားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့ လက်ရှိနည်းပြဖလစ်ခ်ရဲ့လက်ထက် ဘွန်ဒက်လီဂါသွင်းဂိုး(၅၀)ပြည့်သွားခဲ့တာဖြစ်ပြီး အဲဲ့ဒီသွင်းဂိုး(၅၀)ကို ဘွန်ဒက်လီဂါပွဲစဉ်(၁၆)ပွဲပဲ ကစားပြီးနောက်ပိုင်းမှာ ရရှိခဲဲ့တာဖြစ်လို့ ဒါဟာ ဘွန်ဒက်လီဂါမှာ အသစ်ရေးထိုးနိုင်ခဲ့တဲ့ စံချိန်သစ်ဖြစ်လာခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာ နည်းပြကိုဗက်နဲ့ ဖြတ်သန်းခဲ့တာဖြစ်ပေမယ့် ရလဒ်တွေ တောက်လျှောက်ကျဆင်းလာရာကနေ ကိုဗက်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး လက်ထောက်နည်းပြဖြစ်တဲ့ ဖလစ်ခ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ရင်းနဲ့ ရလဒ်တွေ ပြန်လည်တည်မတ်လာခဲ့တာကြောင့် အမြဲတမ်းနည်းပြအဖြစ်ပါ ပြောင်းလဲခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဖလစ်ခ်ရဲ့ ဒီရာသီစွမ်းဆောင်မှုတွေကြောင့် ဘွန်ဒက်လီဂါဖလားကို ဆက်လက်ပိုင်ဆိုင်ဖို့ အခြေအနေကောင်းနေသလို ပိုကယ်ဖလားမှာလည်း ဆီမီးဖိုင်နယ်ကို တတ်လှမ်းထားခဲ့ပါတယ်။ ဒါ့အပြင် ဘိုင်ယန်ဟာ ချန်ပီယံလိဂ်မှာလည်း ချယ်လ်ဆီးအသင်းကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တတ်လှမ်းဖို့ အခြေအနေကောင်းလျက် ရှိနေပါတယ်။