ကမ္ဘာအရပ်ရပ်က ဘောလုံးပြိုင်ပွဲတွေ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကုန်နားထားရတာဆိုရင် (၂)လနီးပါးလောက်တောင် ရှိလို့နေပြီဖြစ်ပါတယ်။ ဒီအချိန်ထိလည်း ကိုရိုနာဗိုင်းရပ်စ်ကို အမြစ်ပြတ်အောင် မတိုက်ထုတ်နိုင်သေးပေမယ့် ဘောလုံးပြိုင်ပွဲတွေကတော့ ပြန်လည်စတင်ဖို့ လိုအပ်နေတဲ့အတွက် ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲက အခြားအမှတ်ပေးလိဂ်တွေထက် လက်ကျန်ဘောလုံးရာသီကို ဆက်လက်ကျင်းပဖို့အတွက် အရဲစွန့်ကျင်းပဖို့ ဆုံးဖြတ်ချက်ချလိုက်ရာ လာမယ့် မေ(၁၆)ရက်နေ့မှာပဲ စတင်မယ်လို့ သိရှိရပါတယ်။ တကယ်လို့ ဘွန်ဒက်လီဂါပြိုင်ပွဲတွေသာ ပြန်လည်စတင်ခဲ့မယ်ဆိုရင် ဘာအကြောင်းအရာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

Photo Credit : Sportskeeda

ပထမဆုံးပြောချင်တာကတော့ ရှော်ကေးအသင်းရဲ့ အကြောင်းပါ။ ဒီနှစ်ဘောလုံးရာသီအစမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တဲဲ့ ရှော်ကေးအသင်းဟာ နောက်ပိုင်းတွေ ရလဒ်တွေ တောက်လျှောက်ပြန်ဆိုးလာခဲ့ရာကနေ အခုဆိုရင် အဆင့်(၆)နေရာကို ကျဆင်းခဲ့သလို သူ့အောက်က အသင်း(၃)သင်းဖြစ်တဲ့ ဝုလ်ဘတ်ချ် ဖရိုင်းဘတ် ဟော်ဖန်ဟိမ်းအသင်းတို့နဲ့ ရမှတ်ကွာဟမှု ကျဉ်းမြောင်းလာခဲ့တာကြောင့် ယူရိုပါလိဂ်နေရာအတွက်တောင် အန္တရာယ်များနေတယ်လို့ အနေအထားကို ရောက်ရှိနေရပါတယ်။ ဆိုးတာကတော့ လာမယ့် (၁၆)ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် ဘွန်ဒက်လီဂါပွဲစဉ်မှာ ရှော်ကေးက သူတို့ရဲ့ ဒါဘီအသင်း ဒေါ့မွန်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ရလဒ်ဆိုးကနေ လွတ်ထွက်နိုင်ဖို့က ခက်ခဲနိုင်ပါတယ်။

Photo Credit : Sportskeeda

ဆက်လက်ပြီးတော့ ရှော်ကေးရဲ့ဒါဘီပြိုင်ဘက်အသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းအကြောင်းကို ဆက်လက်တင်ပြချင်ပါတယ်။ ဒေါ့မွန်က အခုလက်ရှိ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာမှာ ရမှတ်(၅၁)မှတ်နဲ့ ရပ်တည်နေပြီး အဆင့်(၁)က ဘိုင်ယန်မြူးနစ်နဲ့ (၄)မှတ် ကွာဟလို့နေပါတယ်။ ဆန်ချို ဟာလန်းတို့လို အရည်အသွေးမြင့် လူငယ်တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားတဲ့ ဒေါ့မွန်တိုက်စစ်က ထက်မြက်ပေမယ့် ဒေါ့မွန်ရဲ့ ခံစစ်ပိုင်းကတော့ အမှတ်ပေးဇယားရဲ့ အဆင့်(၁)ကနေ (၅)အတွင်းဝင်တဲ့ အသင်းတွေထဲမှာ ခံစစ်အားအနည်းဆုံးဖြစ်နေတာ လက်ကျန်ဘောလုံးရာသီအတွက် စိုးရိမ်စရာကောင်းနေပါတယ်။

Photo Credit : Sportskeeda

နောက်ဆုံးပြောပြချင်တာကတော့ ဘွန်ဒက်လီဂါရဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းအကြောင်းပါပဲ။ ရာသီအတုန်းက ခြေစွမ်းပိုင်းမတည်ငြိမ်ခဲ့လို့ အမှတ်ပေးဇယားရဲ့ အထက်နားတောင် မကပ်လာနိုင်တဲ့ ဘိုင်ယန်အသင်းဟာ နောက်ပိုင်းပွဲတွေမှာ တောက်လျှောက်ရလဒ်ကောင်းခဲ့ရာကနေ အခုဆိုရင် ထိပ်ဆုံးကို ပြန်တတ်လှမ်းနိုင်ပြီး အနီးဆုံးက ဒေါ့မွန်ကို (၄)မှတ် ဖြတ်တောက်ထားပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်ဟာ လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ဘိုင်ယန်တို့ အမှားခံလို့မရပဲ ဘိုင်ယန်သာ ခြေချော်ခဲ့ရင် ဒေါ့မွန် လိုက်ပ်ဇစ် မိုချန်ဂလာဘတ်ချ်နဲ့ လေဗာကူဆင်အသင်းတို့အတွက် ချန်ပီယံလိဂ်မျှော်လင့်ချက်ကို ဆက်လက်အားကောင်းနေဦးမှာဖြစ်ပါတယ်။