MySport Myanmar

ကမ္ဘာ့ဖလားကို ကာတာနိုင်ငံမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ခြင်းက မိုက်မဲလွန်းရာကျတယ်လို့ ဗန်ဟားခ် ဝေဖန်

နယ်သာလန်လက်ရွေးစင်အသင်းရဲ့ ဝါရင့်နည်းပြကြီး လူးဝစ်ဗန်ဟားလ်က ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကာတာနိုင်ငံမှာ ကျင်းပသွားဖို့အတွက် ဆုံးဖြတ်လိုက်ရခြင်းဟာ ငွေနဲ့ စီးပွားရေး အကျိုးအမြတ်တွေက ဒီကိစ္စတစ်ခုလုံးရဲ့ နောက်ကွယ်မှာ ရှိလို့နေတဲ့ တကယ့်အကြောင်းအရင်းများသာ ဖြစ်တယ်လို့ ပြစ်တင်ဝေဖန် ပြောဆိုလိုက်ပါတယ်။

Photo Credit : The Sports Rush

(၄)နှစ်ကို တစ်ကြိမ်စီ ကျင်းပနေကျဖြစ်တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ ဘောလုံးရာသီတစ်ခု အဆုံးသတ်ပြီးချျိန် ဇွန်လကနေ ဇူလိုင်လလောက်အထိ ကျင်းပတာ ဖြစ်ပေမယ့်လည်း အခုနှစ်ရဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ နိုင်ငံရဲ့ ရာသီဥတု အခြေအနေတွေကြောင့် အပူချိန်နည်းပါးမယ့် နိုဝင်ဘာလထိ ပြောင်းရွှေ့ကျင်းပဖို့ထိပါ စီစဉ်ထားခဲ့ရပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဘက်က ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ ကျင်းပသွားမယ်လို့ ၂၀၁ဝခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီးနောက် ဘောလုံးလောကအတွင်း အတော်လေး ဂယက်ထစေခဲ့သလို ကမ္ဘာ့ဖလား ကျင်းပဖို့ အားကစားကွင်းတွေ တည်ဆောက်ရာမှာလည်း ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ သေဆုံးမှုများနဲ့ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် တခြားနိုင်ငံတွေက ကာတာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခြင်းအပေါ် စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။

Photo Credit : News7D

ဒီလို ကျင်းပမှုအပေါ် နယ်သာလန်နည်းပြ ဗန်ဟားလ်က “အရင်ကလည်း သတင်းစာရှင်းလင်းပွဲတွေမှာ ကျွန်တော် ပြောခဲ့ပြီးသားပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို အဲ့ဒီနေရာမှာ ကျင်းပတာကြီးက အဓိပ္ပါယ်မရှိဘူးဆိုတာ။ FIFA က သူတို့ ဘောလုံးနဲ့ပတ်သက်ပြီး တိုးတတ်ဖွံ့ဖြိုးစေချင်တယ်လို့ ပြောထားဆိုထားတဲ့ နိုင်ငံတစ်ခုမှာ ကျွန်တော်တို့ ကစားသွားရတော့မှာပါ။ ဒါက မိုက်မဲတာပါ။ ဒါပေမယ့်လည်း အရေးမကြီးပါဘူး။ ဒါက ငွေအကြောင်း စီးပွားရေး အကျိုးအမြတ်တွေ အကြောင်းပါပဲ။ အဲ့ဒါတွေကပဲ FIFA အတွက် အရေးကြီးတာပါ။ ကျွန်တော်က ဘာကြောင့် FIFA ဒါမှမဟုတ် UEFA တို့ရဲ့ ကော်မတီတွေမှာ မပါဝင်ခဲ့ရတာလဲလို့ ထင်ပါသလဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဘက်က ဒီလို အဖွဲ့့အစည်းမျိုးတွေကို အမြဲတမ်း ဆန့်ကျင်ခဲ့လို့ပါ” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ဗန်ဟားလ်အပါအဝင် နိုင်ငံလက်ရွေးစင်အသင်းများနဲ့ ကစားသမား အများအပြားတို့ဟာလည်း ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ပေးတဲ့ ဆုံးဖြတ်ချက်အပေါ် လူသိရှင်ကြား ဝေဖန်ပြောဆိုထားကြပါတယ်။ ဒါပေမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုတော့ လာမယ့် နိုဝင်ဘာလ (၂၁)ရက်နေ့ကနေ ဒီဇင်ဘာလ (၂၁)ရက်နေ့ထိ ကာတာနိုင်ငံအတွင်း တစ်လတာ ကျင်းပသွားမှာဖြစ်လို့ ကလပ်အသင်းတွေရဲ့ ပွဲစဉ်တွေပါ ကမောက်ကမ ဖြစ်ရဖွယ် ရှိနေပါတယ်။

Exit mobile version