ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဘောလုံးလောက ကနေ အနားယူပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့တဲ့ အီတလီ ဂန္တဝင် ဂိုးသမားကြီး ဘူဖွန်က သူဟာ မိဘနှစ်ပါးရဲ့ ဆန္ဒကြောင့် အထက်တန်းကျောင်းကို ပြန်တက်ရဦးမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၅နှစ် အရွယ် အီတလီ ဂန္တဝင် ဂိုးသမားကြီး ဘူဖွန်ဟာ ဆယ်ကျော်သက် အရွယ်ထဲက ဘောလုံးဇာတ်ခုံပေါ်မှာ ထင်ရှားခဲ့တဲ့ ဂန္တဝင် ဂိုးသမား တဦး ဖြစ်ပြီး ဘူဖွန်က အသက် ၁၇နှစ်နဲ့ ၂၉၅ရက်ပဲ ရှိသေးချိန်မှာ ပါးမားနဲ့အတူ စီးရီးအေပြိုင်ပွဲမှာ သူ့ရဲ့ ပထမဦးဆုံး ပရော်ဖက်ရှင်နယ်ပွဲကို စတင် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Mirror

ဆယ်ကျော်သက်အရွယ်မှာပဲ အောင်မြင် ကျော်ကြားတဲ့ ဂိုးသမား တဦး ဖြစ်လာခဲ့တဲ့ ဘူဖွန်က ဘောလုံးအားကစားကိုသာ အာရုံစိုက် ကစားခဲ့တာကြောင့် သူ့ရဲ့ ပညာရေးကို စွန့်လွှတ်ခဲ့ရပြီး ဘူဖွန်ဟာ အထက်တန်းကျောင်းသား ဘဝမှာပဲ ပညာသင်ယူမှုကို ရပ်တန့်ခဲ့ပါတယ်။

ဘူဖွန်ဟာ ပါးမား ၊ ဂျူဗင်တပ် ၊ ပီအက်စ်ဂျီ စတဲ့ အသင်းတွေနဲ့ ဘောလုံးလောကမှာ ၂၇နှစ်ကျော်ကြာ ကျင်လည်ခဲ့ပြီးနောက် ကစားသမားဘဝ ကနေ အနားယူခဲ့ပြီး ဘူဖွန်ဟာ ကစားသမား ဘဝမှာ ကမ္ဘာ့ဖလား ၁ကြိမ် ၊ စီးရီးအေ ဆုဖလား ၁၀ကြိမ် ၊ ပြင်သစ် လီဂူးဝမ်း ၁ကြိမ် ၊ ယူရိုပါလိဂ် ၁ကြိမ် ၊ ကိုပါအီတာလီယာဖလား ၆ကြိမ် ၊ အီတလီ စူပါဖလား ၇ကြိမ် ၊ ပြင်သစ် စူပါဖလား ၁ကြိမ် ၊ အီတာလျံဖလား ၁ကြိမ်နဲ့ ဥရောပ ယူ-၂၁ဖလား ၁ကြိမ် စုစုပေါင်း အထင်ကရ ဆုဖလား ၂၉လုံး အထိ ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ဂိုးသမားတွေထဲက တဦး အဖြစ် ဂန္တဝင်တွင်စွာ အနားယူခဲ့ပြီးနောက် ဘူဖွန်က သူဟာ မိဘနှစ်ပါးရဲ့ ဆန္ဒတွေကြောင့် မပြီးဆုံးခဲ့တဲ့ ပညာရေးခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းဖို့ ပြင်ဆင်နေကြောင်းနဲ့ အထက်တန်းကျောင်းကို ပြန်တက်တော့မယ်လို့ ဆိုလာပါတယ်။

ဘူဖွန်က – “အခု ဘောလုံးလောက ကနေ အနားယူပြီးပြီ ဆိုတော့ ကျွန်တော်က အထက်တန်းကျောင်းကို ပြန်တက်ပါတော့မယ်။ ကျွန်တော့်ရဲ့ မိဘတွေက အထက်တန်းကျောင်း မအောင်သေးလို့ ကျွန်တော့်ကို ဆူနေတာ နှစ် ၃၀လောက် ရှိနေပြီဗျာ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။